ပုလော၊ မတ်(၂၈)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနဲ့ နတ်အိမ်ထောင်ကျေးရွာထဲ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က အဲဒီကျေးရွာတွေအ တွင်း စစ်ကြောင်းထိုးလာ ဝင်ရောက်လာပြီးနောက် ပုလောကုန်းရွာသား ဦးတင်ဦးနဲ့ နတ်အိမ် ထောင်ရွာသား ကိုမျိုးမင်းသူတို့ကို ပစ်သတ်သွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ အဲဒီနေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံ ၂ ဦးကို သူတို့ရဲ့ ကျေးရွာလမ်းတွေပေါ်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ပုလောတိုက်ပွဲကြောင့် ပုလောကုန်း၊ နတ်အိမ်ထောင်၊ ရှမ်းဒွတ်ကျေးရွာနဲ့အနီးအနား ကျေးရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး မတ်လ၂၇ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပါတယ်။

ပုလောမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကြောင်း ဆက်တိုက်ထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.