ဘန်ကောက်၊ မတ်(၂၈)
ထိုင်းနိုင်ငံရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားဖို့အတွက် လာရောက်တဲ့ ဧည့်သည်တွေကို စိတ်ဖိအား လျော့ပါး သက်သာစေဖို့ ရဲအရာရှိတစ်ဦးမှ အခမဲ့ နှိပ်နယ်ပေးနေပုံကို ဒေသတွင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပြီး အဲဒီ ရဲအရာရှိဟာ ထရန်ခရိုင်ဒေသန္တရ၊ မြို့တော်ရှိ နောင်ထရွတ် ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၅၈ နှစ်အရွယ် ထိုင်းရဲအရာရှိ ပက်ကရွန်ကစ်ဟာ ထိုင်းအနှိပ်ဆရာအဖြစ် ကျွမ်းကျင်စွာ လေကျင့် သင်ကြားခဲ့ရဖူးသူဖြစ်ပြီး စခန်းကို လာရောက်တဲ့ အမှုသည်တွေဟာ စိတ်ဖိအားများနေတယ်လို့ ထင်ရတဲ့ အတွက် Massage to Relieve Distress အခမဲ့နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ တိုင်ချက်တွေကို စာရင်းဖွင့်ရတဲ့ ဧည့်ကြိုနေရာမှာ တာဝန်ကျနေတဲ့ အရာရှိတစ်ဦးဖြစ်ပြီး လူများစွာနဲ့ ပုံမှန်ထိတွေ့ရသူလည်းဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားတာပါ။
အဲဒီအရာရှိဟာ စိတ်ဖိအားများနေတဲ့ အမှုသည်တွေကို ရှာဖွေပြီး တွေ့ရှိပါက ဧည်သည့်တွေထံမှ ခွင့် တောင်းကာ လည်ပင်းနဲ့ ခေါင်းကို ၁၀ မိနစ် မှ ၁၅ မိနစ်ခန့် အကြောပြေအောင် နှိပ်နယ်ပေးတယ်လို့ သိရပါ တယ်။
ဒါပေမယ့်လည်း သူ့ရဲ့ အစီအစဉ်ကို သက်ဆိုင်ရာလူကြီးတွေက လုံလောက်တဲ့ အာရုံစိုက်မှုကို လက်ခံရခြင်း မရှိဘဲ သူ့ကို စားပွဲထိုင်တာဝန်အစား မှုခင်းနှိမ်နင်းရေးနဲ့ စုံစမ်ရေးအပိုင်းတွေကိုသာ ပိုမို အာရုံထားစေလိုတာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အရာရှိ ပက်ကရွန်ကစ်ဟာ စာသင်ကျောင်းတွေအတွင်း မူးယစ်ဆေးဝါးကိစ္စတွေကို ဖြေရှင်းရေးအတွက် ဦးတည်တဲ့ ကာကွယ်ရေး ပညာပေးအစီအစဉ်မှာလည်း ပါဝင်ထားသူ ဖြစ်ပါတယ်။
သူရရှိတဲ့ လခတွေကို စုဆောင်းပြီး ထိုင်းရိုးရာအနှိပ်ပညာကို သင်ကြားခဲ့ပြီး အငြိမ်းစားဘဝရောက်တဲ့အခါမှာ ထိုင်းရိုးရာ အနှိပ်ဝန်ဆောင်မှု လမ်းကြောင်းမှန်တစ်ခု ဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
“ထိုင်းအနှိပ်ပညာဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို သက်သာစေလို့ ကမ္ဘာကျော်နေတာပါ” လို့ လည်း သူကပြောကြားခဲ့ပါတယ်။
Ref, Straits Times