စစ်ကိုင်း၊ မတ်(၂၂)
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိ စစ်ကောင်စီနဲ့ လက် အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုင်းဒေသကြီး ၅ ခုနဲ့ ပြည်နယ် ၇ ရှိ အရပ်သားပြည်သူ နေအိမ် ပေါင်း ၆၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာ ရီတိုင်းတို့ပါဝင်သလို တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ပါဝင်ပါတယ်။
အဲဒီထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇၇၀၀ ကျော်၊ မကွေးတိုင်းမှာ ၉၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ ၁၅၀၀ နီးပါးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် နေအိမ်အလုံးပေါင်း ၄၆၀၀ ကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူတွေ နေထိုင်နိုင်ဖို့ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေး၊မီးဘေးကူညီစောင့် ရှောက်ပေးရေးအဖွဲ့တွေက အလှူရှင်တွေ အကူအညီတွေနဲ့ ယာယီတဲလေးတွေ တည်ဆောက်ပေးတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခုဟာ စစ်အုပ်ချုပ်ရေးဒေသအဖြစ် ပါဝင်နေတာပါ။
အဲဒီ ၁၄ မြို့နယ်မှာတော့ ပုလဲ၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဆားလင်းကြီး၊ ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တို့ ဖြစ်ကြပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ စစ်ကောင်စီရဲ့ ဒေသဆိုင်ရာ စစ်တိုင်းမှူးတွေက အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို အပြည့်အဝလုပ်ပိုင်ခွင့်ပေးထားပြီး အယူခံတက်ပိုင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် တရားစီရင်ရေးမှာ အမြင့်ဆုံးပြစ်ဒဏ်၊ သေဒဏ်တွေချမှတ်နိုင်ပြီး သေဒဏ်စီရင်ပါက စစ်ကောင်စီ ဥက္ကဋ္ဌ အတည်ပြုချက်ရယူရမှာဖြစ်သလို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်တွေကိုတော့ စစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေက လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး