ရေတာရှည် – မတ်(၄)
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဒို့ညီနောင်အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုကြောင့် အမျိုးသား (၃) ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မနက်(၆) နာရီခွဲကျော်က ရန်ကုန်-မန္တလေး အမြန်လမ်း (၁၆၇) မိုင်မှာ ဒို့ညီနောင် အမြန်ယာဉ်လိုင်းက YUTONG အမျိုးအစား ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီးနောက် (၃) ဦးသေဆုံးကာ (၂၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
“ဒီမနက် ယာဉ်မှောက်တဲ့ အထဲမှာ လက်ဝှေသမား ကိုရွှေဓူဝံအပါ အမျိုးသား ၃ ဦးဆုံးသွား တယ်။ သူက ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန်ရပြီးဆုံးသွားတာ။ ခုတော့ ဆွာဆေးရုံမှာ ဆေးစစ်ချက်တွေအကုန်လုပ်ပြီးရင်တော့ သူမိသားစုရှိတဲ့ဆီ ပြန်သယ်ကြမယ်ထင်တယ်။ ကားတိမ်းမှောက်လို့သေဆုံသူ မိသားစုဝင်တွေလဲ ရောက်နေကြကုန်ပြီ”လို့ လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ကားပေါ်လိုက်ပါလာသူ ခရီးသည် (၃၁) ဦးထဲက (၅) ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာ ရကာ ထိခ်ိုက်မှုမရှိသူတွေလဲ ပါတယ်လို့ သူက ပြောပါသေးတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂၀) ဦး၊မ(၁၁) ဦး စုစုပေါင်း (၃၁) ဦး ထဲမှာ ကျား (၃) ဦး(သေဆုံး)၊ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁၅) ဦးနဲ့ မ(၁၀) ဦးတို့ကို လူမှုကူညီရေးအသင်းကားတွေနဲ့ ဆွာတိုက်နယ်ဆေးရုံကို ပို့ဆောင်ကူညီပေးထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
သာဂရအမြန်လမ်းရဲစခန်းက ယာဉ်မောင်းအပါအဝင် ယာဉ်နောက်လိုက်တွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ ပြောပေမယ့် ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာကိုတော့ ပြောတာ မရှိပါဘူး။
ရွှေခါးပတ်ချန်ပီယံ ရွှေဓူဝံဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီး ၁၉၉၆ ခုနှစ်က ၇၅ ကီလို မစ်ဒယ်ဝိတ်တန်းမှာ ရွှေခါးပတ်ဆုရဖူးသူဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSFD