ရေး၊ မတ်(၄)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ ကျိုက်မင်ဝကမ်းခြေမှာ ဒီကနေ့ မတ် ၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ ရွှေဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်မင်ဝကမ်းခြေမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားနဲ့အမျိုးသမီးတို့ကို ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသား ၂ ဦးက ဆိုင်ကယ်ရပ်ပေးဖို့ ပြောဆိုပြီး မရပ်ပေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ပြီးနောက် သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ အမျိုးသားဝတ်ဆင်လာတဲ့ ရွှေဆွဲကြိုးကို လုယက်ကာ မောင်းနှင်ထွက်ပြေးသွားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အမျိုးသမီးဖြစ်သူမှာ ဝမ်းဗိုက်ဘယ်ဘက်ခြမ်း ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့တဲအတွက် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သေနတ်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ သတိကောင်းမွန်စွာရရှိပေမယ့် အရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို ဆိုင်ကယ်လုယက်ခံနေသလို အခုဖြစ်စဉ်ကတော့ သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်တဲ့ ပထမဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကယ်ဆယ်ရေးလူငယ်အသင်း(သောင်ပြင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.