မော်လမြိုင် ၊ မတ် (၄)
စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ လျှောက်ထားမှုဟာ မနှစ်ကနဲ့ နှှိုင်းယှဉ်ရင် တစ်သိန်းကျော်အထိ လျော့ကျသွားတယ်လို့ စစ်ကောင်စီ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
စစ်ကောင်စီဟာ အခုနှစ်ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ် ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ဖြေဆိုဖို့ လျှောက်ထားသူ ၁၈၀,၀၀၀ နီးပါး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက စစ်ကောင်စီ ကျင်းပပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည် တွင်းပြည်ပကနေ ဝင်ရောက်ဖြေဆိုသူ ၃ သိန်းကျော်အထိ ရှိခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ ဝင်ရောက်ဖြေဆိုဖို့ လျှောက်ထားသူ သိန်းကျော် လျော့ကျသွားခဲ့တာပါ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ လျှောက်ထားသူ လျော့ကျသွားတာဟာ စစ်ကောင်စီက ဒေ သတချို့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ကျောင်းသား ကျောင်းသူတွေအနေနဲ့ စစ်ကောင်စီကို အယုံအ ကြည် မရှိတော့တဲ့အတွက် NUG ပညာရေးမှာ ပါဝင်မှု များလာတာကြောင့် ဖြစ်တယ်လို့ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။
“ဥပမာ သူတို့နဲ့ မဟုတ်တဲ့လူကိုလည်း ပြည်သူလူထု ဆိုရင်သူတို့နဲ့ ရန်သူလို သဘောထားပြီးတော့ တွေ့ရာ မြင်ရာ ဗုံးကျဲတဲ့ အတွက်ကြောင့်မို့လို့ ဒီကျောင်းတွေကို လာမတက်ရဲတာမျိုးတို့၊ စာမေးပွဲတွေမှာလည်း ဝင်မဖြေ ရဲတာ မျိုးလည်းရှိမှာပါ။ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့ ယုံ ကြည်မှုက ဒါကိုကြည့်ပြီးတော့ သိနိုင် တယ်။ သူတို့ရဲ့ စစ်ကျွန်ပညာရေး အပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ကျောင်းသား CDM လုပ်ကြတာပေါ့နော်။ အဲဒီတစ်ချက်ရှိတယ်။ ယုံကြည်မှုမရှိလို့ သူတို့ရဲ့ လူဦးရေ ကျသွားတာ တစ်ချက်၊ နောက်တစ်ခုက NUG ကလည်း ကြာကာလပညာရေး ဖော်ဆောင်နေတဲ့အခါ စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးမှာ CDMလုပ်ပြီး NUG ပညာရေးမှာပါဝင်တဲ့ ကျောင်း သားတွေကလည်း များတယ်ပေါ့နော်၊ နယ်ပိုင်းတွေဆိုရင် မြို့နယ်အထိ စစ်ကောင်စီကို ဖြေမယ့်သူက (၁၀၀၀)မှာ (၁)ယောက် မရှိဘူး။ သူတို့ဘက် လူဦးရေနည်းသွားတာလို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဒေသတချို့ရှိ ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် ကျေးရွာတွေကို ရွာလုံကျွတ် မီးရှို့တာတွေကြောင့်လည်း စာသင်ကျောင်းတချို့ ပျက်စီးပြီး စာမသင်ကြား နိုင်တဲ့အတွက် စာမေးပွဲ ဖြေဆိုသူတွေ လျော့ကျလာတာ ဖြစ်ပါတယ်။
CDM ကျောင်းဆရာ တစ်ဦးကလည်း လက်ရှိ ကျောင်းသား ကျောင်းသူအများစုဟာ NUG အစိုးရက လုပ်ဆောင်တဲ့ စာမေးပွဲကို ဝင်ရောက် ဖြေဆိုမှုများတာတွေ့ရပြီး စစ်ကောင်စီက လုပ်ဆောင်တဲ့ စာမေးပွဲကိုတော့ မြို့ပေါ်ကျောင်းတွေလောက်သာ ဖြေဆိုမှုရှိတာကြောင့် စာမေးပွဲဖြေဆိုသူလျော့ ကျလာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“နည်းတယ်ဆိုတာက သူတို့ဘက်က အခု NUGက လုပ်နေတဲ့ BECH စာမေးပွဲကို ဝင်ဖြေတဲ့ အုပ်စုတွေက အင်အားကြီးတယ်။ အဲဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ ဒီဘက် မြို့ပေါ်ကျောင်းတချို့က မြို့ပေါ် ကလေး တချို့ လောက်ပဲရှိမယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ BECH စာမေးပွဲကို သူတို့ Onlineကနေ ဝင်ဖြေတဲ့ အုပ် စု ရှိတယ်။ နောက်တစ်ခုက သူတို့ မြေပြင်မှာ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေဆိုရင် စာစစ်ဌာနလိုမျိုး ဖွင့်ပေး တာပေါ့နော်။ ဝင်ဖြေကြတယ်။ တချို့ဆိုရင် ကလေးတွေက ဘကဖတို့၊ ရဲတို့ အဲဒီလိုမျိုး PDF ကိုရောက်နေတဲ့ ကလေးတွေတောင်မှ BECH စာမေးပွဲကို ဝင်ဖြေနေတယ် ဆိုတာမျိုး ကျွန်တော်တို့ တွေ့ရတယ်။ ခုဏပြော သလို သူတို့ လေယာဉ်ဗုံးကျဲတာ ဘာညာရှိတဲ့အပြင် တစ်ဖက်က ရွေးချယ်စရာ အားကောင်းတယ်လေ။ စကစ စာမေးပွဲကို ငါမဖြေဘူး။ ငါက ဒီဘက်က NUGရဲ့စာမေးပွဲကို ဖြေမယ်ဆိုပြီးတော့ ရွေးချယ်တဲ့ အားလည်း ကောင်းတော့ သူတို့ဘက်မှာ စကစ စာမေးပွဲကို ဖြေတဲ့ အင်အားက သိသိသာသာ ကျသွားမှာ”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပပေးတာဟာ ၂၀၂၂ ခုနှစ်က တက္က သိုလ်ဝင် စာမေးပွဲကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ လာရောက် မဖြေဆိုသူတွေကို အခြေခံသင်ရိုး အပြောင်းအလဲ ဖြစ်တာကြောင့် နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်ပေးတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာမသိမ်းခင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူ နှစ်စဉ် (၉)သိန်းကျော် ရှိခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ပုံစာ- တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေပုံ(ပုံအဟောင်းဖြစ်ပါသည်)