မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆို” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ MOIနဲ့ မြန်မာ့အလင်းသတင်းစာ တယ်လီဂရမ်အကောင့်ကနေ ဖေဖော်ဝါရီ လ ( ၁၇)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။
စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
တမူးမြို့၊ မတူပီမြို့၊ ပခုက္ကူမြို့၊ ရွှေဘိုမြို့နှင့် ပေါက်မြို့တို့ရှိ တပ်နယ်ခန်းမများ၌ ပြန်လည်ကြိုဆိုလက်ခံ “ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။
စစ်တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ စစ်တပ်က စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး မြို့နယ်ခန်းမတွေမှာလုပ်တဲ့ အလင်းဝင်တဲ့သူတွေမှာလည်း စကစရဲ့ လက်အောက်ခံတပ်သားတွေရဲ့ သဏ္ဏာန်လုပ် သရုပ်ဆောင်သက်သက်သာ ဖြစ်တယ်လို့ CDF-Matupi တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နိုင်ဂျွန်ကီမ်က တုံ့ပြန်ပြောဆိုထားတာကို ဒေသခံချင်းမီဒီယာတွေဖြစ်တဲ့ Chinland newsသတင်းဌာနမှာ ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။
“ကျွန်တော်တို့ဘက်ကနေ အလင်းဝင်တာ တစ်ယောက်မှ မရှိပါဘူး” ဟု CDF-Matupi တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နိုင်ဂျွန်ကီမ်က ဖြေထားတာကို တွေ့ရပါတယ်။
Chinland defense force Matupi အဖွဲ့က ထုတ်ပြန်ချက် လင့်
Chinland newsသတင်းဌာနမှာဖော်ပြထားတဲ သတင်းလင့်
Zalen newsသတင်းဌာနကဖော်ပြထားတဲ့ လင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆို” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်