ဖာပွန်၊ ဖေဖော်ဝါရီ(၁၅)

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ ဇန်နဝါရီလ(၁)လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ(၁၃)ဦးသေဆုံးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။

ဇန်နဝါရီလအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲက ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လေ ကြောင်းတိုက်ခိုက်မှုပေါင်း(၅၇)ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ(၂၀၈)လုံးထက်မနည်း ကြဲချခဲ့ကာ စက် သေနတ်ဖြင့် အချက်ရေပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အရပ်သားအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၂)နှစ်အရွယ် ကလေးငယ်(၁)ဦး၊ နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာ(၁)ဦး၊ ကက်သလစ်ခရစ်ယာန်ဓမ္မဆရာ(၁)ဦးအပါအဝင် အရပ်သား(၁၃)ဦး သေဆုံးခဲ့ရပြီး အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား(၉)ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုနေအိမ်(၃၃)လုံး မီးလောင်ပြာကျခဲ့ရပြီး (၂၄)လုံး ကတော့ ထိခိုက်ပျက်စီးခဲ့ရသလို စာသင်ကျောင်း(၂)ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း(၄)ကျောင်း၊ ဆေးရုံး(၁)လုံး၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း(၂)ကျောင်းနဲ့ ပြည်သူပိုင်အဆောက်အဦး(၈)လုံး ထိခိုက်ပျက် စီးခဲ့ရကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘတ်(၁၀)သန်းဖို့ခန့် ရှိတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်ကနေ သိရပါ တယ်။

ဇန်နဝါရီလအတွင်းမှာတော့ KNU အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၇၀ နီးပါး သေဆုံးခဲ့ကာ KNU ဘက်က ၂၄ ဦး ကျဆုံးခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ၄ သိန်းနီးပါးဟာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ KNU က ထုတ်ပြန် ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.