မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၅)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လုံခြုံရေး အာမခံ ချက်မရှိတော့တာကြောင့် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှုကြီးနေပြီး စိုးရိမ်ရတဲ့အခြေအနေအထိ ကျဆင်း လာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဧည့်လမ်းညွှန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာခရီးသွားလုပ်ငန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေတစ်ခုကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ခရီးသွားအများဆုံး ဝင်ရောက်နေတဲ့ ဒေသတွေ ဖြစ်တဲ့ ပုဂံ၊ အင်လေးနဲ့ ကျိုက် ထီးရိုးဒေသတွေမှာလည်း ခရီးသွားဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတာပါ။

အဲဒီထဲမှာတော့ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ ဝင်ရောက်နေတဲ့ ကျိုက်ထီးရိုးစေတီဟာ ၂၀၂၂ ခုနှစ်နဲ့ အခုနှစ်ဇန်နဝါရီလကုန်အထိ ခရီးသွားရောက်မှု ၆၀,၀၀၀ ကျော်သာ ရှိခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အခုနှစ်ခရီးသွားရာသီဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လကုန်အထိ ပြည်တွင်းပြည်ပ ခရီးသွား အရေအတွက် သိသိသာသာလျော့နည်းလာပြီး ဒါဟာဒေသတွင်းလုံခြုံရေးကို စစ်ကောင်စီက တိတိပပ တာဝန်မယူပေးနိုင်တာကြောင့် ဖြစ်လာရတာလို့ ခရီးသွားလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

ဒါကြောင့် တိုင်းပြည်မတည်ငြိမ်မှု အခြေအနေကို စစ်ကောင်စီအနေနဲ့ အမြန်ဆုံးမဆောင်ရွက်နိုင်ရင် ခရီးသွား ကဏ္ဍဟာ စိုးရိမ်ရတဲ့အထိ ထိခိုက်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ အရင်ကတော့ အညာခရီးသွားက တောက်လျှောက်ရှိတယ်။ အခုက ပုဂံကိုတော့သွားကြတုန်းပဲ။ ပုဂံမှာ တော့ ပြဿနာက ကြီးကြီးမားမားမရှိသေးဘူးပေါ့။ မရှိသေးပေမယ့်အနီးအနားက မြို့ရွာတွေမှာ လုံခြုံရေး ပြဿနာလေးတွေရှိတယ်။ ဒီအတွက်ကြောင့် ပုဂံကို ခရီးသွားကကျဆင်းသွားနိုင်ပါတယ်။ လက်ရှိမှာတော့ ရောင်းထားပြီးသားခရီးစဉ်တွေက တစ်လပိုင်းနဲ့ နှစ်လပိုင်းစမှာတော့ ခရီးစဉ်တွေရောင်းထားပြီးသားတွေ ကတော့ ရှိနေတုန်းပဲ။ လာမယ့် နှစ်လပိုင်းလကုန်နဲ့ သုံးလပိုင်းလာမယ့်ခရီးသည်တွေကတော့ အရမ်းနည်း သွားပါလိမ့်မယ်” လို့ သူကဆိုပါတယ်။

ပြည်တွင်းပြည်ပခရီးသွားတွေ အလာများကြတဲ့ ပုဂံဒေသတည်ရှိတဲ့ အညာမြေမှာလည်း တော်လှန်ရေးအတွက် အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားနေသလို အိမ်နီးချင်းနိုင်ငံက ခရီးသွားတွေ အထူးသဖြင့် ထိုင်းလူမျိုးတွေ လာ ရောက်မှု အများဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးနဲ့ အင်းလေးဒေသတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေနဲ့အတူ နယ်မြေမတည်ငြိမ်တာ၊ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေဟာ မြန်မာခရီးသွားကဏ္ဍ တစ်ခုလုံးအပေါ် သက်ရောက်မှု ကြီးမာနေတာ ဖြစ်ပြီး အနုတ်ဘက်ကို ပိုမိုကျဆင်းလာတာပါ။

ခရီးသွားတွေ ဝင်ရောက်မှုနည်းသွားတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဟိုတယ်၊ တည်းခိုခန်း၊ ဧည့် လမ်းညွှန်နဲ့ အမှတ်တရပစ္စည်းရောင်းချတဲ့ လုပ်ငန်းတွေမှာလည်း ဝင်ငွေမရှိသလောက် လျော့နည်းလာတယ်လို့ ဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။

“ ၂၀၂၂ထဲမှာတော့ ကြိုကြား၊ ကြိုကြားပေါ့။ ထိုင်း Tour ခရီးစဉ်လေးတွေ ဂိုက်လာလာခေါ်တာရှိတယ်။ ၂၀၁၃ နှစ်စမှာတော့ Package Tour တွေကိုစာချုပ်နဲ့ လာကမ်းလှမ်းတာတွေအထိရှိလာတယ်။ ကျွန်မက ထိုင်းစာသင် တန်းကလည်း ရှိနေတော့ Freelanceပဲ လက်ခံလိုက်တယ်။ ဒီဇန်နဝါရီလထဲမှာတော့ အင်းလေး Tour နှစ်ခုပဲ ဂိုက်လိုက်ရသေးတယ်၊ နယ်မြေမငြိမ်မသက်ဖြစ်နေတော ခရီးသွားတွေမလာလို့ အလုပ်ပြန်ပါးသွားတယ်”လို့ ထိုင်းဘာသာစကား ဧည့်လမ်းညွှန်တစ်ဦးက ဆိုပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမသုံးလ ခရီးသွားရာသီအစမှာ ခရီးသွားဝင်ရောက်မှု မျှော်မှန်းထားသလို မဖြစ်ခဲ့တာ ကြောင့် လာမယ့်နှစ်ကုန် ဆောင်းရာသီ ခရီးသွားချိန်ဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာလည်း ခရီးသွား လုပ်ငန်းဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ သေချာမချမှတ်နိုင်ဘူးဆိုရင် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကပြုလုပ်တဲ့ ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဆိုင်ရာ စက္ကူဖြူ စာတမ်းမိတ်ဆက်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ စစ်ကောင်စီကတက်ရောက်ခဲ့ပေမယ့် အဲဒီစာတမ်းရဲ့ လမ်းညွှန်ချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်မှုတွေကိုတော့ မလုပ်ဆောင်ခဲ့ပါဘူး။

ခရီးသွားလုပ်ငန်းရှင်တွေကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အမြန်ဆုံး တည်ငြိမ်အောင် မဆောင်ရွက်နိုင် ရင် မြန်မာခရီးသွားကဏ္ဍ ပုံရိပ်ကျဆင်းကာပြန်ပြီး နလံမထူနိုင်တော့တဲ့ အခြေအနေတွေအထိ ရောက်ရှိလာနိုင် တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.