ပေါင် – ဖေဖော်ဝါရီ(၁၅)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၇ နာရီအချိန်လောက်က ရင်းငြိမ်တောင်ကျေးရွာထိပ် ငွေလျံလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား ၃ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးမြင့်ရီဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ သေနတ်ဒဏ်ရာ ၄ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပြီး သူရဲ့ ရုပ်အလောင်းကိုတော့ ရင်ငြိမ်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ PDF တွေကို ဂုတ်ဆွဲဖမ်းပြမယ်လို့ ကြုံးဝါးထားသူ တစ်ဦး ဖြစ်သလို စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ကျေးရွာထဲက လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ထားပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ထုတ်ပြန်ချက်အရ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ ကျေးရွာအတွင်းရှိ လူငယ် ၅ ဦး မတရားဖမ်းဆီးခဲ့သလို တခြား CDM ဝန်ထမ်းတွေနဲ့ လူငယ် ၅ ဦးကိုလည်း ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၈၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဦးမြင့်ရီဟာ စစ်ကောင်စီတပ်မ(၄၄) စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သလို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို သင်တန်းပေးနေသူ ဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ပေါင်မြို့၊ ပေါင်းရပ်ကွက် ဘူတာပိုင်းနေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုလေးဟာ နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.