လွိုင်ကော် – ဖေဖော်ဝါရီ(၆)
ကယားပြည်နယ်၊ လွိုင်ကော်ကနေ မိုးဗြဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာနှစ်ရွာက ဒေသခံနှစ်ထောင်ကျော်ဟာ ညတွင်းချင်းထွက်ပြေးခဲ့ရတယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၅) ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် ဝါရီကောခူနဲ့ ပီကင်းကောခူ ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးခဲ့ရဖြစ်ပြီး သူတို့တွေဟာ အရင်ကလည်း စစ်ဘေးရှောင်နေကြရသူတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ မိုးဗြဲကို စစ်ကြောင်းထိုးလာစဉ်လမ်းမှာ ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF နဲ့ ဖယ်ခုံ PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“စစ်ကောင်စီလွိုင်ကော်ဘက်ကနေ မိုးဗြဲဘက်ကို စစ်ကြောင်းထိုးလာတယ်။ အဲဒီတော့ မိုးဗြဲနဲ့ လွိုင်ကော်ကြားမှာရှိတဲ့ ဆောင်ကန်း၊ခုနပြောတဲ့ ဝါရီကောခူ၊ပီကင်းခေါကူနဲ့ တစ်ဆက်ထဲပဲ။ အဲဒီ ဘက်ကို စစ်ကြောင်းထိုးလာတယ်။စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့ KNDF တပ်ရင်း-၃ ပါမယ်။ ပြီးရင် ဖယ်ခုံ PDF ပါမယ်။ သူတို့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲ အကြီး အကျယ် ဖြစ်တယ်။ ည(၁၀) နာရီခွဲလောက်ကနေ မနက်(၂) နာရီလောက်ထိ တိုက်ပွဲဖြစ်တယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက သံလွင်တိုင်မ်းကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့ အချိန်ကစပြီး စစ်ကောင်စီရဲ့ လွိုင်ကော်အခြေစိုက် အမြောက်တပ်နဲ့ မိုးဗြဲအခြေစိုက် အမြောက်တပ်တွေကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက် ဝါရီကောခူက ဒေသခံတွေရဲ့ နေအိမ်တွေ ထိမှန်ပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ သူက ပြောပါသေး တယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၄) ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု တွေကြောင့် ဝါရီကောခူ ကျေးရွာက ပြည်သူပိုင်နေအိမ် (၂၀) လောက်ထိခိုက်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ သတိထားနေထိုင်ကြဖို့ KNDF ကသတိပေးထားပါတယ်။
လူဦးရေ (၃) သိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ(၂) သိန်းကျော်ဟာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရပြီး သူတို့အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ