မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ရိုဟင်ဂျာတွေရဲ့ လယ်တွေယာတွေကို AAက အကွက်ရိုက် ရတဲ့ဈေးနဲ့ရောင်းနေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Min Chit Oo အကောင့်ကနေ ဇန်နဝါရီလ ( ၂၂)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာအပြည့်အစုံမှာတော့ “၂၀၁၇ အကြမ်းဖက်မှုတွေအပြီး မောင်တောနဲ့ ဘူးသီးတောင်ဘက်ခြမ်း ရိုဟင်ဂျာတွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့အခါ ရိုဟင်ဂျာတွေရဲ့လယ်တွေ၊ ယာတွေကို ပထမပိုင်းမှာ ရက္ခိုင့်တပ်တော် (AA)က သူတို့စောင့်ရှောင့်ပေးနေတယ်ပြောပြီး သီးစားချကာ AAရိက္ခာအတွက် လယ်စိုက်ခိုင်းတယ်။ဟိုဘက်ကလူတွေပြန်မလာတာ ကြာလာရော AA စစ်တပ်ပိုင်မြေဆိုပြီး ULA/AA အောက်အဖွဲ့တွေက အကွက်ရိုက်ပြီး ရတဲ့ဈေးနဲ့ရောင်းစားနေတယ်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ရိုဟင်ဂျာများရဲ့လယ်တွေကို စစ်တပ်က ၂၀၂၂ခုနှစ်တည်းက အမည်ပေါက်အဖြစ်ပြောင်းကာ သိမ်းယူထားတာဖြစ်တယ်လို့ လွတ်လပ်စိတ်ချရသည့် သတင်းဌာနများ၏ ဖော်ပြချက်များအရ စိစစ်တွေ့ရှိရပါတယ်။

၂၀၂၂ခုနှစ်၊ နှစ်ကုန်တွင် ရိုဟင်ဂျာများပိုင် မြေဧက၇၀၀ကျော်ကို တပ်အမည်ပေါက်သိမ်းယူရန် စစ်ကောင်စီညွှန်ကြားချက်ထုတ်ထားပြီး မောင်တောမြို့နယ်အတွင်း အင်းဒင်၊ မြင်းလွတ်၊ မြို့သူကြီး၊ ဇင်ပိုင်ညာ၊ အောင်စစ်ပြင် ကျေးရွာအုပ်စုနှင့် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများရဲ့ လယ်မြေတွေဖြစ်တယ်လို့ Myanamr now သတင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များရဲ့ လယ်မြေတွေရိတ်သိမ်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်များ ကိုယ်တိုင်လာရောက်ရိတ်သိမ်းရန် မလွယ်ကူတဲ့ လယ်ကွင်းများကစပါးများကို မိမိတို့ ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုများနဲ့ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှစ၍ စတင်ရိတ်သိမ်းပေးခဲ့တယ်လို့လည်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တယ်လီဂရမ်ချန်နယ်ကနေ သတင်းထုတ်ပြန်ထားတာကိုလည်း စိစစ်တွေ့ရှိ ရပါတယ်။

Khaing Thu Kha ရဲ့တယ်လီဂရမ်ချန်နယ် သတင်းထုတ်ပြန်ချက်

https://bit.ly/3HcnGf7

Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://myanmar-now.org/mm/news/12994

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ရိုဟင်ဂျာတွေရဲ့ လယ်တွေယာတွေကို AAက အကွက်ရိုက် ရတဲ့ဈေးနဲ့ရောင်းနေ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.