သံဖြူဇရပ်၊ ဇန်နဝါရီ(၂၁)

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်ကောင်စီထင်းရှုးနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး နေထိုင်တဲ့ ထင်းရှုးရဲစခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် ထင်းရှုးရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာလာပြီး သံဖြူဇရပ်မြို့မရဲစ ခန်းနဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ ထင်းရှုးရဲစခန်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ မရှိတော့ပေမယ့် ထင်းရှုးကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတယ်လို့ ပြောပါတယ်။

ထင်းရှုးရဲစခန်းတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရှိခဲ့ကြောင်းနဲ့ အဲဒီတိုက်ခိုက်မှုဟာ စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားပေမယ့် အချိန်အကန့်အသတ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ထင်းရှုးရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာမှုဟာ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်ကပထမဆုံး ရဲစခန်းတစ်ခုလက်လွှတ်မှုလည်း ဖြစ်လာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.