သံတွဲ၊ ဇန်နဝါရီ(၂၁)
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုရောက်ရှိနေကြတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အကြား ထိုင်း-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအပြင် ရှင်းလင်းရေးကိစ္စရပ်တွေပါ ဆွေးနွေးလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
သုံးရက်ကြာကျင်းပမယ့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို သံတွဲမြို့နယ်၊ ငပလီကမ်း ခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။
အဲဒီအစည်းအဝေးမှာ ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြား ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ စစ်ကောင်စီဘက်က အသေးစိတ်ထုတ်ပြန်ထားတာ မရှိသေးဘဲ ထိုင်းစစ်ဦးစီးချုပ်နဲ့ ဇနီးတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာဘက်က ညစာစားပွဲနဲ့ ကြိုဆိုဧည့်ခံခဲ့တယ်ဆိုတဲ့ သတင်းလောက်သာထုတ်ပြန်ထားပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအဖွဲ့အစည်းတွေ ၊ PDF တွေ၊ CDM သမားတွေ ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်းဘက်ကို ရောက်ရှိနေတာဖြစ်တဲ့အတွက် နယ်စပ်ဒေသလုံခြုံရေးအပြင် ရှင်းလင်းရေးကိစ္စတွေကိုပါ ဆွေးနွေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီက အဓိကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ PDF အဖွဲ့တွေ၊ နောက်ပြီး CDM လုပ်တဲ့အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက အဲဒီဘက်ကို ရှောင်တိမ်းသွားတာရှိတယ်။ သူတို့ အဲဒီနေရာတွေမှာလည်း စခန်းချတာတွေ KNU တို့ EAO အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ နေထိုင်တာတွေရှိတယ်။ ထိုင်းနိုင်ငံထဲကိုလည်း တစ်ချို့တစ်ဝက် ရောက်နေတယ်ဆိုတဲ့သတင်းတွေ ရထားတယ်ဆိုတော့ အဲဒီဟာနဲ့ ပတ် သက်ပြီးတော့ ဒီဘက်က ဒါတွေကို ရှင်းလင်းဖော်ထုတ်ဖို့ သူတို့ (ထိုင်းနဲ့မြန်မာ) တွေ့တဲ့ကိစ္စတွေ အ များကြီးပါနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပြီး နယ်စပ်ကျော်လွန်ကာ ထိုင်းဘက်ခြမ်းကို ကျရောက်တဲ့ဖြစ်စဉ်လည်းရှိနေတာကြောင့် အပြန်အလှန်နားလည်ရေးကိစ္စတွေ ဆွေးနွေးနိုင်တယ်လို့လည်း ဦးဖေသန်းကထောက်ပြပါတယ်။
ထိုင်းနဲ့မြန်မာဟာစစ်တပ်အာဏာသိမ်းယူတဲ့ နိုင်ငံတွေဖြစ်နေပေမယ့် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ နားလည်ရှုမြင်ပုံမတူကွဲပြားမှုရှိနေတဲ့အတွက် စစ်ခေါင်းဆောင်က ထိုင်းနိုင်ငံကို အားကိုးလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ထိုင်းနိုင်ငံမှာ အလွတ် သဘောဆွေးနွေးခဲ့ကြပေမယ့် ရလဒ်မထွက်တဲ့ ဆွေးနွေးပွဲဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)ကတော့ လတ်တလောမှာ လေယာဉ်မပျံသန်းရဇုန် သတ် မှတ်ဖို့တောင်းဆိုနေတာရှိတဲ့အတွက် အကောင်အထည်ဖော်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အ ထောက်အကူပေးမှုတွေ လိုအပ်တာကြောင့် အဲဒီကိစ္စတွေကိုလည်း ဆွေးနွေးနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ထိုင်းနဲ့မြန်မာက အဲဒီလို ဆက်ဆံရေးတွေအဆင်ပြေတာက နစကအတွက် အများကြီးသက်သာရာရမယ်။ အချို့ပြောနေကြတဲ့ No Fly Zone (လေယာဉ်မပျံသန်းရဇုန်) သတ်မှတ်ဖို့ ၊ PDF တွေကြီးစိုးတဲ့ ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ လေ ကြောင်းကနေ တိုက်ခိုက်တာတွေရှိတော့ အဲဒါတွေကို ကာကွယ်ဖို့အတွက် No Fly Zone သတ်မှတ်ပေးဖို့ ပြောဆိုနေကြတာရှိတယ်။ အဲဒါတွေ တကယ်တမ်းအကောင်အထည်ဖော်မယ်ဆိုရင် အမေရိကန်က အိမ်နီးချင်းနိုင်ငံ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ ထိုင်းတို့ အဲဒီနိုင်ငံတွေနဲ့ အဆင်ပြေဖို့လိုတယ်။ သူတို့ မြေပြင်ကနေ ထောက်ကူပေးဖို့လိုတယ်။ ဆိုတော့ အခုဆွေးနွေးတဲ့အခါမှာလည်း နယ်စပ်ကိစ္စအများစု ပါနိုင်တာပေါ့”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၁၀ ရက်နေ့နဲ ၁၁ ရက်နေ့တို့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးတာနဲ့ အဆောက်အဦးတစ်ချို့ ပျက်စီးခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အိန္ဒိယနိုင်ငံရဲ့လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် အသုံးချမှုဖြစ်ပေါ်ခဲ့တဲ့အ တွက် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဘေးကင်းလုံခြုံရေးကို ရှေးရှုကာ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ လေပိုင်နက်တွေကို မခွင့်ပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မေတ္တာရပ်ခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်