ရန်ကုန်၊ ဇန်နဝါရီ(၁၈)
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းအကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေထဲ အမည်ပျက် Black List စာရင်းသွင်းခံထားရတဲ့ ဝန်ထမ်းတွေကို ပြည်ပထွက်ခွာခွင့် မရှိစေရေး ပစ်မှတ်ထားစောင့်ကြည့်ဖို့ စစ်ကောင်စီက ညွှန်ကြားလာပါတယ်။
ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရတဲ့ CDM တွေ လေဆိပ်မှာတားဆီးမှုတွေ ရာနဲ့ချီရှိလာနေတဲ့အ တွက် CDM ရဲ့ အန္တရာယ်က ကြီးမားလာနိုင်တာကြောင့် သေချာစောင့်ကြည့်ပြီး ထူးခြားမှုရှိရင်တင်ပြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအ ဝေးအပြီးပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာမှာ ဖော်ပြပါတယ်။
ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရတဲ့ CDM တွေ၊ ပြည်ပနိုင်ငံလေဆိပ်တွေမှာ ပြည်ဝင်ခွင့်မပြုဘဲ ပြန်လည်စေလွှတ်ခြင်းခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး အပတ်စဉ်စာရင်းပြုစုထားဖို့နဲ့ တိုင်းနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တွေဆီ အမည်၊လိပ်စာတွေပေးပို့ထားဖို့ ညွှန်ကြားခဲ့တာပါ။
ဒါ့အပြင် အခု ၂ လအတွင်း ပြည်ပနိုင်ငံလေဆိပ်ကနေ ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်တဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀ နီးပါးရှိနေပြီး သူတို့ကိုလည်း အမည်ပျက်စာရင်း Black List စာရင်းအသွင်းခံထားရတဲ့သူတွေလိုမျိုး စောင့်ကြည့်ပစ်မှတ်အနေနဲ့ သေချာစောင့်ကြည့်သွားဖို့ကိုလည်း အစည်းအဝေးမှတ်တမ်းမှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားစာနဲ့ပတ်သက်ပြီး အခြေခံပညာရေး CDM ဝန်ထမ်းတစ်ဦးကတော့ CDM လုပ်သူတွေ နိုင်ငံခြားကို ရောက်သွားရင် တော်လှန်ရေးအတွက် ငွေကြေးတစ်စုံတစ်ရာ ရှာဖွေပေးတာတွေရှိနေတာကြောင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“မစားရတဲ့အမဲသဲနဲ့ပက်တယ်ဆိုတဲ့ စကားပုံလိုမျိုးပေါ့၊ သူတို့ (စကစ) ယန္တရားထဲ မပူးပေါင်းဘဲနဲ့ CDM လုပ်နေတဲ့ဟာအပေါ်မှာ အငြိုးကြီးစွာနဲ့ ဘာလုပ်လုပ် မဖြစ်အောင်ဆိုပြီး ဒီလိုမျိုးယုတ်မာတယ်လို့ မြင်တယ်။ နောက်တစ်ချက်က CDM လုပ်ထားတဲ့ ပညာရှိ၊ ပညာရှင်တွေက နိုင်ငံခြားကိုရောက်သွားပြီး မြန်မာနိုင်ငံကို ပြန်ပြီးကူညီပေးတာ၊ ငွေရေးကြေးရေးအရ ရှာဖွေပေးတာမျိုးတွေလည်း သူတို့ ကြောက်တယ်လို့ ထင်တာပေါ့။ အဲဒါကြောင့် ဒီလိုပိတ်ပင်တာလို့ ထင်တယ်”လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး စစ်အုပ်ချုပ်ရေးယန္တရားမှာ တာဝန်မထမ်းဆောင်နိုင်တဲ့အတွက် စစ်ကောင်စီကိုဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဌာနပေါင်းစုံကနေ နိုင်ငံ့ဝန်ထမ်းသိန်းနဲ့ချီ ရှိနေတာပါ။
စစ်ကောင်စီကတော့ CDM ပြုလုပ်သူတွေကို ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းတာ၊ အမျိုးမျိုး ခြိမ်း ခြောက်တာ၊ ဖိနှိပ်တာ၊ မတရားဖမ်းဆီးတာတွေရှိနေပြီး စိတ်မလုံခြုံမှုတွေကြောင့် ထွက်ပြေး တိမ်း ရှောင်နေရတာတွေလည်း ရှိနေပါတယ်။
တစ်ဖက်မှာတော့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူတွေကို ထောက်ပံ့ပေးမယ့် အစီအစဉ်တွေပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAA မှာ ထည့်သွင်းပြဌာန်းထားတဲ့ Burma Act ကို ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
လေတပ် CDM တပ်ကြပ်ဇေယျကတော့ စစ်ရေးပိုတင်းမာလာတဲ့အခြေအနေမှာ စစ်ကောင်စီဘက်က ဒီလိုမျိုးပစ်မှတ်ထားလာတာဟာ တော်လှန်ရေးမှာ CDM တွေရဲ့ အရေးပါမှုကိုကြောက်တာလို့ ဝေဖန်တာပါ။
“CDM တွေကို သူတို့က Black List စာရင်းသွင်းပြီး ပြည်ပထွက်ခွာခွင့် ပိတ်တယ်ဆိုတာ ရှင်းရှင်းလေးပဲလေ။ တော်လှန်ရေးမှာ CDM တွေရဲ့ အရေးပါမှု ဘယ်လောက်ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ထုတ် ဖော်ပြသတာ၊ ဝန်ခံလိုက်တဲ့ သဘောပဲ။ ဘာဖြစ်လဲဆို စစ်ရေးအခြေအနေပိုတင်းမာလာတဲ့ အခြေအ နေမှာ ပိုဆိုးတာပေါ့။ စစ်သားတွေဆိုလို့ရှိရင် သူတို့စစ်တပ်အကြောင်းသိပြီးသား စစ်တပ်ရဲ့ စစ်ပညာတွေ အကုန်သင်ပြီးသား။ ဒီဘက်ကို ပူးပေါင်းပြီးပြန်လုပ်မှာ၊ ကိုယ့်လူက ကိုယ့်ကိုယ်ပြန်တိုက်မှာကို သူတို့ သိပ်ကြောက်တာ။ ဘာလို့ဆို သူတို့(စကစ) အကြောင်း သူတို့နည်းဗျူဟာတွေ အကုန်သိထားဖြစ်တဲ့အတွက် သူတို့ကြောက်တဲ့အတွက် နောက်ပြီး CDM ဆိုတာလည်း အမှန်အတိုင်းပြောရရင် တအားထိရောက်တယ်။ လက်နက်ကိုင်တိုက်ပွဲဝင်တာထက် သွေးမြေမကျဘဲထိရောက်တဲ့အတွက် ဒါကြောင့်ပဲ CDM တွေကို ပစ်မှတ်ထားလာတယ်”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်ပထွက်ခွာဖို့ စောင့်ဆိုင်းနေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ နိုင်ငံ့ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီက အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အမည်စာရင်းအချက်အလက်တွေကို လေဆိပ်နဲ့နယ်စပ်ဂိတ်တွေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ရဲတပ်ဖွဲ့တွေကို ဖြန့်ဝေကာစောင့်ကြည့်ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။
ဒါ့အပြင် ပြည်ပထွက်ခွာခွင့်တွေကို အောက်ခြေကနေ ပိတ်ပင်တားဆီးဖို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ပတ်စ်ပို့စ်ရုံးတွေမှာလည်း အမည်ပျက်စာရင်း Black List စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ထားတာရှိတယ်လို့ CDM ပြုလုပ်သူတွေက ပြောပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်