မော်လမြိုင်၊ ဇန်နဝါရီ(၁၈)

အမြင့်ဈေးမှာပဲဆက်ရှိနေတဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ပြည်တွင်းဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာတာကြောင့် ဈေးနှုန်းထပ်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ္ဘာ့ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီပထမပတ်က ရေနံစိမ်းတစ်စည်ကို အမေရိကန် ဒေါ်လာ (၇၄) ဝန်းကျင်ကနေ လက်ရှိမှာတော့ ဒေါ်လာ (၈၀) ဝန်းကျင်ထိ ဈေးနှုန်းပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းကလည်း ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၈၅၀ ကနေ ကျပ် ၂၈၈၀ ဝန်းကျင်ထိ ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာခဲ့တာပါ။

ကမ္ဘာ့ရေနံဈေးနဲ့ ဒေါ်လာဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် စက်သုံးဆီဈေးနှုန်းဟာ (၉၅) ဓါတ်ဆီ တစ်လီတာကို ကျပ်(၂၁၀၀) ဝန်းကျင်မှ ကျပ်(၂၃၀၀) ဝန်းကျင်ထိ မြင့်တက်လာသလို ဒီဇယ်တစ်လီတာကို ကျပ်(၂၃၅၀) ကနေ ကျပ် (၂၅၆၀) ဝန်းကျင်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့ရေနံဈေး၊ စင်္ကာပူငွေဈေးနဲ့ ဒေါ်လာဈေး (၃)ခု စုံပြီး မြင့်တက်လာတာကြောင့် လကုန်ပိုင်းလောက်ထိ စက်သုံးဆီဈေးနှုန်း မကျနိုင်သေးဘူးလို့ သုံးသပ်တာပါ။

“ကမ္ဘာ့ ရေနံဈေးလည်း တက်နေတယ်၊ အခါတိုင်း (၇၄) (၇၅) ကနေ အခု (၈၀)လောက် ဖြစ်နေတယ်။ (၆)ဒေါ်လာ၊ (၇)ဒေါ်လာလောက်တက်တာကို။ စင်္ကာပူဈေးလည်း တအားတက်တယ်။ နောက်ပြီးဒီကြားထဲ ငွေဈေးလည်းတက်တာပါတယ်။ (၃)ခု စုံတက်တာပဲ။ ကမ္ဘာ့ရေနံဈေးရော၊ ငွေဈေးရော(၂)ခုတက်တော့ ဆီကပိုတက်တာပေါ့။ ဈေးကတော့လက်ရှိ ကျွန်တော်ထင်တာ ဒီလကုန်ပိုင်းထိကတော့လေ ဆီဈေးနှုန်းတွေ မကျနိုင်သေးဘူး။ ဒီနေ့ဖြစ်တဲ့ ဈေးတန်းမဟုတ်ရင် အောက်ကိုတော့ မမြင်ဘူး။ ငြိမ်ရင်ငြိမ်နေမယ်”လို့ ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဟာ အရင်ဈေးနှုန်းကျဆင်းစဉ်က လုပ်ငန်းရှင်တွေအနေနဲ့ သိုလှောင်ထားဖို့အ တွက် စစ်ကောင်စီကလိုသ လောက် ရောင်းချပေးတာမရှိဘဲ ခွဲတမ်းနဲ့သာရောင်းချပေးတာကြောင့် အတက်ဈေးနဲ့ပဲရှိနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး ရုရှားနိုင်ငံကနေစက်သုံးဆီတင်သွင်းတာတွေရှိခဲ့ပေမယ့် ဈေးကွက်အတွင်းရောက်ရှိခြင်း မရှိတာကြောင့် စက်သုံးဆီဈေးနှုန်း သိသာတဲ့ပြောင်းလဲမှုမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ပြီးခဲ့တဲ့နှစ် ဩဂုတ်လ (၃၁)ရက်နေ့မှာ စက်သုံးဆီဈေး နှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်းတွေကြီးမြင့်မှုကို သက်သာစေဖို့ နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာ သန်း(၂၀၀) ကျော် ထောက်ပံ့ပေးမယ့်လို့ ထုတ်ပြန်ထားပေမယ့် စက်သုံးဆီဈေးနှုန်း သိသိသာသာကျဆင်းခြင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်တုန်းက ဓာတ်ဆီတစ်လီတာကို ကျပ်(၆၀၀) ဝန်း ကျင်သာရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း (၄)ဆကျော် မြင့်တက်ခဲ့သလို ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း နေ့စဉ်နီးပါးဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.