သံဖြုဇရပ်၊ ဇန်နဝါရီ(၁၈)

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်း အသုံးပြုခွင့်ကို ဒီနေ့ဇန်နဝါရီ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီအနန်းကွင်းဗျူဟာတပ်စခန်းက ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းကို ၈ ရက်တာ မသွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU အသိပေးစာထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းအသုံးပြုခွင့်ကို ထပ်မံပိတ်ပင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနန်းကွင်းဗျူဟာတပ်စခန်းကနေ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမှာ ဖြတ်သန်းသွား လာတာမလုပ်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် အသိပေးလာတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ တစ်ရွာနဲ့တစ်ရွာ ကူးသန်းသွားလာတာမလုပ်ဖို့ သတိပေးထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်က သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်း အသုံးပြုခွင့်ပိတ်ပင်တာဟာ စစ်ရေးပိုမိုတိုးမြှင့်မှာ ဒါမှမဟုတ် လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေသယ်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်တာပါ။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတဲ့အတွက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ ခရီးသည်တင်ယာဉ်တွေအနေနဲ့ ဇန်နဝါရီ(၁၆)ရက်နေ့ကနေ ဇန်နဝါရီလ(၂၃)ရက်နေ့အထိ လုံး၀သွားလာတာတွေမပြုလုပ်ဖို့ KNUဒူးပလာယာခရိုင်က အသိပေးထားတာ ဖြစ်ပါတယ်။

KNU ဒူးပလာယာခရိုင်ထိန်းချုပ်နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း အခြေစိုက်စခန်းတွေဖြစ်ကြတဲ့ ခလရ(၂၈၃)၊ ခလရ(၂၈၄)၊ ခလရ(၃၂)တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့က KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းနဲ့ ပေါ်တာအဖြစ်အသုံးပြုတာတွေအပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိမှာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျော်က ဒေသခံပြည်သူ(၁၆၀၀၀)ကျော်ဟာ စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.