လောင်းလုံး၊ ဇန်နဝါရီ(၁၈)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာ သွားတဲ့ ရဲကင်းစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ အဲဒီရဲကင်းစခန်းကို မနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ LLPDF နဲ့အထူးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာပါ။
ရဲကင်းစခန်းမီးရှို့ဖျက်ဆီးခံမှုမှာ လူနေအိမ်ခြေနဲ့ကပ်လျက် အဆောင်တစ်ခုကလွဲပြီး စခန်းဝင်းအတွင်းရှိ အဆောက်အဦးအားလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
(LLPDF) ပြန်ကြားရေးတာဝန်ခံကတော့ ရဲကင်းစခန်းမီးရှို့ဖျက်ဆီးမှုဟာ နယ်မြေရှင်းလင်းတဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့ ရဲစခန်းမီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ပြဿ နာလာရှာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ တိုက်တွန်းတာပါ။
သကျက်တောရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ မကြာခဏ လာရောက်တိုက်ခိုက်နေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ စခန်းအတွင်းရှိ စာရွက်စာတမ်းနဲ့ပစ္စည်းအချို့ကို သိမ်းဆည်းပြီး စခန်းကိုစွန့်ခွာသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း သကျက်တောရဲစခန်းရှိ ရဲတပ်သား ၂ ဦး ရွာထိပ်ထန်းရည်ဆိုင်မှာ ထန်းရည်လာဝယ်စဉ် တိုက်ခိုက်ခံရတာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)