မော်လမြိုင် – ဇန်နဝါရီ(၁၇)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၄၆၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နေအိမ်အလုံးပေါင်း ၄၈,၀၀၀ ကျော် ပျက်စီးဆုံးရှုံးမှုဟာ နိုင်ငံတဝန်းရှိ တိုင်းဒေသကြီး ၅ ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့ပါဝင်ပြီး ကျန် ပြည်နယ် ၇ ခုမှာလည်း ဖြစ်ပွားခဲ့တာပါ။

Data for Myanmar ရဲ့ အချက်အလက်တွေအရ နေအိမ်အလုံးပေါင်း ၃၆,၀၀၀ ကျော်အထိ အများဆုံး မီးရှို့ဖျက်ဆီးခံထားရတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ၂၀၂၂ ခုနှစ် မေလအတွင်း နေအိမ်အလုံးပေါင်း ၅၆၀၀ နီးပါး၊ နိုဝင်ဘာလမှာ ၄၇၀၀ ကျော်နဲ့ ဒီဇင်ဘာလမှာတော့ ၈၇၀၀ ကျော်အထိ အများဆုံးမီးရှို့ဖျက်ဆီးခံထားရတာပါ။

ဒုတိယအများဆုံး နေအိမ် ၈,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတဲ့ မကွေးတိုင်းမှာတော့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း နေအိမ် ၁၄၀၀ ကျော်နဲ့ နိုဝင်ဘာလမှာတော့ ၁၃၀၀ နီးပါး အများဆုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ချင်းပြည်နယ်မှာတော့ နေအိမ်အလုံးပေါင်း ၁,၄၀၀ ကျော်နဲ့ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ နေအိမ်အလုံးပေါင်း ၁,၇၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အနောက်ပိုင်း၊ ချမ်းသာရွာက မယ်တော်သခင်မ ဘုရားကျောင်းမှာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာတော့ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.