မော်လမြိုင် – ဇန်နဝါရီ(၁၈)

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မြေ ပြင်မှာ တသားတည်းရှိနေပြီး စစ်မြေပြင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ဒေသကြီး အလိုက်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ် ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။

တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ NUG တို့ ညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်နေပြီး တော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နေသူတွေရဲ့ ဇွဲကြီးမှု ကြောင့် မကြာခင် ကာလမှာ တော်လှန်ရေးအောင်ပွဲ အသီးအပွင့်တွေ ခံစားကြရတော့မှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်း၊ပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ စုဖွဲ့မှု အရှိန်အဟုန် ကောင်းမွန်စွာ နဲ့ ရှေ့ဆက်နေပြီး နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ် တိုးတက်နေ တယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေအနေနဲ့ ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပိုမိုအားစိုက်ထုတ်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဒေါနစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း၊အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်အိသဥ္ဇာမောင်၊ တောင်ပိုင်တိုင်းစစ်ဒေသ မှ ဗိုလ်မှူးကြီး စောဖီးနစ်၊ တောင်ပိုင်း စစ်ဒေသအမှတ် (၃) စစ်ဒေသခွဲ ဒု-စစ်ဒေသမှူး ဗိုလ်စောရှားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ ပြီး သင်တန်းဆင်းရဲဘော်တွေကို လက်နက်နဲ့ ဂုဏ်ပြုငွေ(၁၀) သိန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MoD(NUG)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.