မြဝတီ၊ ဇန်နဝါရီ(၆)ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ဖို့ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ခရီးသည်နဲ့မော်တော်ယာဉ်သွားလာမှုတွေကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာတော့ အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့အတွက် မြန်မာဘက်ကတာဝန်ရှိသူတွေက သန့်ရှင်းရေးနဲ့ရုံးအဆောက်အဦးနေရာတွေ ပြင်ဆင်တာလုပ်ဆောင်နေတာပါ။

ထိုင်း-မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီ ၆ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ဒေသခံတွေ ပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတွေ အဆိုအရ အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖြစ်ပါက ထိုင်းနိုင်ငံထဲကို တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်တွေ သွားလာခွင့်ပြုနိုင်ကြောင်း ကြားသိရတယ်လို့ ဆိုကြပါတယ်။

အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့အတွက် ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ထိုင်းဘက်ကပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် အခုအခါမှာတော့ မြန်မာဘက်က ပြင်ဆင်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတားကို ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ပေမယ့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု မရပ်တန့်ရေးအတွက် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ ကုန်သွယ်ခွင့်ပြုထားခဲ့ပေမယ့် ခရီးသည်တွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.