ရန်ကုန်၊ ဇန်နဝါရီ(၆)နိုင်ငံတဝန်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်နားကြောင်း စစ်ကောင်စီကြေညာမှုဟာ လူငယ်တွေရဲ့အနာဂတ်ပိတ်ဆို့တားဆီးမှုဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ လူငယ်တွေ ဝေဖန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝန်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်ထုတ်ပေးရေး လုပ်ငန်းတွေကို ရက်အကန့်အ သတ်မရှိ ရပ်နားကြောင်း ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ဘယ်အချိန်၊ဘယ်ကာလမှာ ပြန်လည်စတင်မလဲဆိုတာကိုတော့ တစ်စုံတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။
ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ် ရပ်နားမှုဟာ လူငယ်တွေရဲ့ အနာဂတ်ကို ပိတ်ဆို့တားဆီးမှုဖြစ်ပြီး ပေါက်ကွဲမှုဆီ ဦးတည်လာနိုင်တယ်လို့ သုံးသပ်တာပါ။
“အခုအချိန်မှာ မြို့ပြရော၊ ကျေးလက်မှာပါရှိနေတဲ့ မြန်မာလူငယ်တွေဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာ တဲ့ အခက်အခဲတွေကောင့် ပြည်ပကို လူငယ်တွေထွက်ခွာဖို့ကြိုးစားလာတာပေါ့။ လူငယ်တွေက အလုပ်လုပ်ခွင့်ရဖို့ ပြည်ပမှာကြိုးစားလာကြတဲ့အချိန်မှာ လူငယ်တွေရဲ့ထွက်ပေါက် ပိတ်သွားမှာပေါ့ဗျာ။ ထွက်ပေါက်ပိတ်သွားရင် လူငယ်တွေက ဘာလုပ်မလဲဆိုရင် အခု GEN-Z လူငယ်တွေ တော်တော်များများက နွေဦးတော်လှန်ရေးမှာပါနေကြတာ။ ပြည်တွင်းမှာ ထွက်ပေါက်ပိတ်ရင် နွေဦးတော်လှန်ရေးမှာ ပါဖို့တွန်းပို့ပေးနေသလို ဖြစ်မှာပဲလို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် စကစအနေနဲ့ ဒီကိစ္စကို အ ချိန်တိုတစ်ခုသာ ကန့်သတ်ထားနိုင်မှာလို့ ယူဆတယ်။ ရေရှည်ကန့်သတ်ထားရင်တော့ စစ်ကောင်စီအနေနဲ့ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းကြုံလာရမယ်။ လူငယ်တွေအနာဂတ်ပိတ်ဆို့ရာရောက်လို့ ပေါက်ကွဲမှုတစ်ခုဆီ ဦးတည်လာနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်”လို့ ဦးသန်းစိုးနိုင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီက အခုလိုနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်ရပ်နားမှုဟာ လူ့အခွင့်အ ရေးချိုးဖောက်မှုဖြစ်ပြီး ပိုမိုဆိုးဝါးတဲ့ အကျပ်အတည်းဆီတွန်းတာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
လူငယ်ဒါရိုက်တာတစ်ဦးကလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်ရပ်နားလိုက်တဲ့အတွက် စီစဉ်ထားတဲ့ လုပ်ငန်းစဉ်အားလုံး ပျက်စီးသွားပြီးဖြစ်ကြောင်းနဲ့ အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံကို မြောက်ကိုးရီးယာနိုင်ငံလိုဖြစ်အောင် ဖန်တီးနေတာလို့ ဝေဖန်တာပါ။
“အခက်အခဲကတော့ နံပါတ်တစ် ပြောရမယ်ဆိုရင် အကုန်အမှောင်ကျသွားတာပဲ။ ဟိုဘက်မှာ စီစဉ်ထားတဲ့ ကိစ္စတွေမဖြစ်တော့ဘူး။ ပျက်စီးတာပေါ့။ စီစဉ်ထားတဲ့ Planတွေမဖြစ်တော့ဘူးလေ။ သူတို့အောက်ကို ဆွဲ သိမ်းလိုက်တာပဲ။ ပထမဆုံးကတော့ မျှော်လင့်ထားတဲ့အရာတွေ ပျက်စီးရတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ဆို ဟိုဘက်မှာ သွားလုပ်ရမယ့် ပရောဂျက်ဖလင်တွေ လုပ်ထားတာရှိတဲ့ အတွက်ကြောင့် အဲဒီဇာတ်ကားတွေ အကုန်လုံးကသဲထဲရေသွန်ဖြစ်တော့မှာ။ ဒီထဲမှာနေတော့ရော ဘယ်လောက်အထိတာသွားမလဲ။ ဘယ်လောက်အထိ လုပ်လို့ရမလဲ။ အခွင့်အလမ်းတွေ အကုန်ရိုက်ချိုးလိုက်တာပဲ။ အဓိက သူတို့လိုချင်တဲ့ ရလဒ်က သူတို့နဲ့ပူးပေါင်းဖို့ပဲလေ။ သူတို့နဲ့ တစ်မျိုးမဟုတ် တစ်မျိုးပတ်သက်မှ အလုပ်အကိုင်အခွင့်အလမ်းဆိုတာပေါ်လာမှာ။ ကိုယ့်ခံယူချက်နဲ့ ကိုယ်နေပြီး အလုပ်လုပ်ရဖို့က တော်တော်ရှားသွားပြီ။ ပတ်စပို့ကို အဲဒီလိုမျိုးပိတ်ပင်လိုက်တာ မြန်မာနိုင်ငံကို မြောက်ကိုရီးယားက ပုံစံမျိုးဖြစ်အောင် သူတို့က ဖန်တီးနေတာလို့ပြောချင်တယ်’’ လို့ လူငယ်ဒါရိုက်တာတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် စက်မှု-၁ လမ်းမပေါ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နှစ်သစ်ကူး ရုံးပိတ်ရက်အလွန် ဇန်နဝါရီပထမအပတ်ထဲမှာ လက်မှတ်ရဖို့သွားရောက် တန်းစီခဲ့သူတွေ တစ်ရာဝန်းကျင်ရှိခဲ့ပြီး အဲဒီလူတွေကို ရုံးဝန်ထမ်းတချို့နဲ့ လုံခြုံရေးယူထားတဲ့ရဲတွေက အိမ်ပြန်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။
နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ရောက်ဖို့ လုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးကလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်ရပ်နားမှုကြောင့် ရင်းနှီးထားတဲ့ငွေကြေးနဲ့ အချိန်ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။
“လောလောဆယ် နှစ်ပတ်လောက်ကြာမယ်လို့တော့ ပြောတယ်။ ပတ်စပို့လုပ်ဖို့က စောင့်နေရသူတွေအများကြီးရှိတယ်။ QRကုတ်စနစ်ကို ပြန်ပြင်နေတယ်လို့တော့ပြောတယ်။ ကျွန်တော်တို့ ပြည်ပသွားဖို့ ရင်းနှီးထားရတော့ ငွေကြေးပိုင်းနဲ့အချိန်အခက်အခဲကရှိလာတယ်” လို့ ဇန်နဝါရီ ၂ရက်နေ့မှာ နိုင်ငံကူးလက်မှတ်ရဖို့ သွားရောက်တန်းစီခဲ့တဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ရောက်ဖို့ လုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေ ဘယ်အချိန်၊ ဘယ်ကာလမှာ ပြန်လည် စတင်ဖို့ရှိမလဲဆိုတာ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ရုံးကလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် လုပ်ငန်း စဉ်ကို ခေတ္တရပ်နားထားမယ်လို့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)ရဲ့ ၂၀၂၂ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် တစ်လလျှင် မြန်မာနိုင်ငံသားလေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်