စစ်တွေ၊ ဇန်နဝါရီ(၆)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် အရာရှိ ၃ ဦး လုပ်ကြံခံရမှုဟာ ရက္ခိုင့်တပ်တော် (ULA/AA) လက်ချက်ဖြစ်တယ်လို့ ALP က စွပ်စွဲလိုက်ပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြအပါဝင် အရာရှိ ၃ ဦးတို့ဟာ မနက် ၈ နာရီခွဲလောက်မှာ စစ်တွေမြို့ပေါ်ကားနဲ့သွားနေချိန် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က အကြမ်းဖက်လုပ်ကြံတဲ့အတွက် စီးလာတဲ့ကားပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ရတယ်လို့ ALP က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်ရင်းမှူး နှစ်ဦးတို့ကို ULA/AA က ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံမှုဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတာသာမက ရခိုင်လူထုကိုပါ တုန်လှုပ်ချောက်ခြားစေတဲ့အတွက် ALP က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။
စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြအပါဝင် အရာရှိ ၃ ဦး လုပ်ကြံခံရမှုအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အခုလိုပဲ တုံ့ပြန်လိုက်ပါတယ်။
“ထုတ်ပြန်ချက် ထုတ်လိုက်ပြီဆိုတာ ကိုယ်ကမသိနေဘူး။ ဘာမှလည်း မလုပ်သေးပါဘူး။ သတင်းဌာနတွေက မေးသမျှကို စကားသုံးခွန်းပဲ ပြောပါတယ်။ နံပါတ် ၁ က သတ်ချင်လို့ လာသတ်တယ်၊ သတ်လို့ သေသွားတယ်၊ ရခိုင်ပြည်လုံခြုံရေးမရှိဘူး။ ဒီသုံးခုပဲ ပြောပါတယ်။ တခြားပြောစရာလည်း ဘာမှ မရှိသေးပါဘူး။ အခုကတော့ ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေအတွက်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၇ ရက်ကို သတ်မှတ်ထားတယ်။ ပြီးလို့ရှိရင် အလံတစ်ဝက်ကို လွင့်ထူထားပါတယ်။ အနက်ရောင်အလံကို အပေါ်မှာ တင်ထားပါတယ်။ ဒါကလွဲလို့ရှိရင် ဘာမှလည်း မပြောသေးပါဘူး”လို့ သူက ဆိုပါတယ်။ALP ရဲ့ ထုတ်ပြန်စာမှာတော့ ULA/AA က မိမိတို့ ပါတီ/တပ်မတော်က ခေါင်းဆောင်တွေ ပါတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနှိပ်စက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေကို ပြုလုပ်နေတာသာမက ရခိုင်နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ပါတီဝင်တွေ အပြစ်မဲ့ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကိုပါ မချန် ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတာတွေအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။စစ်ဦးစီးချုပ်အပါအဝင် အရာရှိ ၃ ဦးသေဆုံးတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ စွပ်စွဲထုတ်ပြန်ချက်အပေါ် ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို သံလွင်တိုင်းမ်က သုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးခဲ့ပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာတော့ တတိယကြိမ်အဖြစ် တက်ရောက်ဆွေးနွေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်