မော်လမြိုင် – ဇန်နဝါရီ(၅)

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သူတွေဟာ နောင်တချိန်မှာ ပြည်သူပေးမယ့် ပြစ်ဒဏ်ကို မလွဲမသွေခံရမှာဖြစ်တယ်လို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်း ရေးအင်အာစု (GSCB) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲဟာ နွေဦးတော်လှန်ရေးအတွက် အဖြေမဟုတ်ဘဲ ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ ဖိနှိပ်ခိုင်းစေတာတွေ ရှိလာနိုင်တဲ့အတွက် ပြည်သူတွေ တွန်းလှန်ကြဖို့ လိုအပ်တယ်လို့ ဆိုခဲ့တာပါ။

တရားမဝင်အယောင်ပြရွေးကောက်ပွဲကို တကယ့် အစစ်အမှန်သဖွယ် မသတ်မှတ်ဖို့ လိုပြီး စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာအင်အားစုတွေရဲ့ နားရွက်တံတွေးဆွတ်မယ့် အကွက် ဖြစ်သလို မြန်မာနိုင်ငံအတွက် အဖြေဖြစ်လာမှာ မဟုတ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက်မှု၊စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို စဉ်ဆက်မပြတ် မှတ်တမ်းတင်ထားပြီး စစ်ကောင်စီပြုလုပ်မယ့် ဘယ်လို လုပ်ရပ်ကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်တွန်းလှန်နေမှာဖြစ်ကာ ပြည်သူတွေလိုချင်တဲ့ ရည်မှန်းချက် မရ မချင်း တိုက်ပွဲဝင် သွားမှာဖြစ်တယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ အနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို အစစ်အမှန် အဖြစ်မယူဆဖို့ လိုတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးက သပိတ်အင်အားစုတွေ စုပေါင်းပြီး GSCB ကို ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီကို နေ့စဉ် လိုလို ဆန့်ကျင်တော်လှန် နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.