ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၆)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီတပ်ရင်း ၃ ရင်းကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပူးပေါင်းတပ်နဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၃၊ ခလရ ၂၈၄၊ ခလရ ၃၂ တပ်ရင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီစီးနင်းတိုက်ခိုက်မှုမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာလည်းလေကြောင်းနဲ့ အကြိမ်ပေါင်းစွာတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်လာသလို KNU တပ်မဟာ(၆)ခရိုင်ရုံးကိုလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
KNLA သတင်းရင်းမြစ်တွေအရ ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနေပြီး KNLA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်း အရုံး KNU က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ ကြာအင်းဆိပ်ကြီးတိုက်ပွဲဟာ KNLA ပူးပေါင်းတပ်က အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်မှုအပေါ် စစ်တပ်ဘက်က ပြန်လည်ခုခံနိုင်ခဲ့အတွက် ပူးပေါင်းတပ်က အထိအခိုက်အကျအ ဆုံးများစွာနဲ့ ပြန်ဆုတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသလို ဒေသခံအများစုကတော့ နေအိမ်အတွင်း ပုန်းခိုနေ ထိုင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်