ဥဇဘက်ကစ္စတန်၊ ဒီဇင်ဘာ(၃၀)

အိန္ဒိယ Marion Biotech ကုမ္ပဏီ မှ ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်ကို သောက်သုံးပြီးနောက်  အနည်းဆုံး ကလေးငယ် ၁၈ဦး သေဆုံးခဲ့ရတယ်လို့ ဥဇဘက်ကစ္စတန်ကျန်းမာရေး ဝန်ကြီးဌာနကပြောကြား လိုက်ပါတယ်။

ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရချိန်မှာ Doc-1 Max ဆေးရည်သောက်ခဲ့တဲ့ ကလေး ၂၁ ဦးအနက် ၁၈ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဆေးဟာ အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါလက္ခဏာတွေအတွက် ကုသမှုအဖြစ် ကုမ္ပဏီရဲ့ဝဘ်ဆိုဒ်မှာဖော်ပြထားတာပါ။
ဒီဆေးရည်တွေထဲမှာ ethylene glycol ပါဝင်ပြီး အဲဒါကပဲ  အဆိပ်ဖြစ်စေတာလို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ တာပါ။ ဆေးရည်ကို Quramax Medical ကနေ နိုင်ငံထဲကိုတင်သွင်းလာခဲ့တာလို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကလေးတွေအတွက် စံနှုန်းထက်ကျော်လွန်နေတဲ့ ဆေးတွေကို မိဘတွေက  ဆေးဝါးပညာရှင်တွေရဲ့ အကြံ ဉာဏ်နဲ့ ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ကလေးတွေကို တိုက်မိခဲ့ကြတာလို့လည်း သတင်းတွေမှာ ဖော်ပြနေပါ တယ်။
သေဆုံးသွားတဲ့ကလေးငယ်တွေဟာ ဆေးပမာဏဘယ်လောက်ကို သောက်သုံးမိခဲ့လဲဆိုတာကိုတော့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Marion Biotech၊ Quramax Medical နဲ့ အိန္ဒိယရဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ မှတ်ချက်တစ်စုံတရာ ပေးခြင်းမပြုခဲ့ပေမယ့် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ပဲ အကြောင်း ပြန်ခဲ့တာပါ။
ဂမ်ဘီယာနိုင်ငံမှာလည်း ကလေးငယ်တွေသေဆုံးခဲ့မှုဟာ အိန္ဒိယထုတ်ချောင်းဆိုးပျောက်ဆေးတွေနဲ့ ဆက် စပ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ဆေးဝါးနဲ့ပတ်သက်တဲ့အရည်အသွေးမြင့် စံချိန်စံညွှန်းတွေသေချာစေဖို့အတွက်  နိုင်ငံတစ် ဝှမ်းရှိ ဆေးဝါးစက်ရုံအချို့ကို ယမန်နေ့(ဒီဇင်ဘာ၂၈)ရက်နေ့က စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယကို “ကမ္ဘာ့ဆေးဆိုင်” အဖြစ် လူသိများပြီး သူတို့ရဲ့ ဆေးဝါးတင်ပို့မှုမှာလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး လွန်ခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၂၄.၅ ဘီလီယံအထိ ရှိခဲ့တာပါ။

Uzbek ကျန်းမာရေးဝန်ကြီးဌာနကတော့ ကလေးငယ်သေဆုံးမှုတွေကို အချိန်မီမဆန်းစစ်ဘဲ လိုအပ်တဲ့ အစီအမံတွေကို မဆောင်ရွက်တဲ့ ပေါ့ဆမှုနဲ့ ဝန်ထမ်းခုနစ်ဦးကို ထုတ်ပယ်ခဲ့ပြီး အထူးကုဆရာဝန်အချို့ကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့  ဆေးဆိုင်တွေအားလုံးကနေDoc-1 Max တက်ဘလက်တွေနဲ့ ဆေးရည်တွေကိုလည်း ပြန်လည်သိမ်းယူနေတယ်လို့ ဆိုပါတယ်။
Ref;CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.