မော်လမြိုင်၊ ဒီဇင်ဘာ(၃၀)
ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် စစ်တောင်းမြစ်အတွင်းမှာ ငါးဖမ်းနေတဲ့လှေတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ငွေကြေးအဆမတန် တောင်းယူနေသလို မပေးတဲ့သူတွေကိုလည်း ခြိမ်း ခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေဟာ ငါးလုပ်ငန်းဦးစီးဌာနက လိုင်စင်ထုတ်ပေးထားတဲ့ ငါးဖမ်းလှေတွေအပြင် တရားမဝင်ငါးဖမ်းလှေတွေကို တပ်ရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ငွေကြေး အဆမတန်တောင်းယူနေတာ ဖြစ်ပါတယ်။
အဲဒီငွေကြေးတောင်းယူရာမှာ ငါးဖမ်လှေတစ်စီးကို ငါးရာသီတစ်ရာသီစာအတွက် ကျပ် ၆ သိန်းကနေ ကျပ် ၁၀ သိန်းအထိ တောင်းခံနေသလို ကြားကာလတွေမှာလည်း အကြောင်းအမျိုးမျိုးပြပြီး ငွေကြေး တောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“စက်လှေတစ်စီးကို တချို့ဆို ၁၀သိန်း၊ တချို့ဆို ၇သိန်းတောင်းတယ်။ စစ်တောင်းမြစ်မှာဖြစ်ဖြစ် ဘယ်မှာဖြစ် ဖြစ်ကြိုက်တဲ့နေရာလုပ်ပေါ့။ သူတို့ကိုပိုက်ဆံပေးရင် ကြိုက်တဲ့နေရာလုပ်၊ တရားဝင်တာတွေ မဝင်တာတွေ နားမလည်ဘူး။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ တစ်ဦးသွားပေးသေးတယ်။ ၁၀သိန်းလို့ ကြားတာပဲ။ အခြေအနေတော်တော်ဆိုးနေတယ်” လို့ ပြောပါတယ်။
စစ်တောင်းမြစ်အတွင်း ငါးဖမ်းလှေတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေကို ငွေကြေး ပေးဆောင်ပြီးပါက တရားမဝင်သံဇကာပိုက်တွေနဲ့လည်း ငါးဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီငွေကြေးတွေကိုတော့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မမောက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကဝမြို့နယ် ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌ၊ နယ်မြေတာဝန်ခံ စစ်တပ် ဗိုလ်မှူး ထွန်းလင်းအောင်တို့က တောင်းယူနေတာလို့ သိရပါတယ်။
“တရားမဝင်တဲ့ လှေသမားတွေကို ခြောက်သိန်းယူတယ်။ ကဝမြို့နယ်က ကြံ့ခိုင်ရေးဥက္ကဌ ဆရာမျိုးကိုပေးရတယ်။ သူကနေမှတဆင့် တပ်ထောက်ပံ့ရေးငွေဆိုပြီး လှေတစ်စီးကို ခြောက်သိန်းယူတယ်။ ကဝဥက္ကဌက ဆရာမျိုးကိုပေးတယ်ဆိုပြီး ယူတယ်။ ဆရာမျိုးကလည်း ဗိုလ်ကြီးထွန်းလင်းအောင်ကိုပေးတယ်ဆိုပြီး ယူတာပေါ့” လို့ ပြောပါတယ်။
စစ်တောင်းမြစ်အတွင်း ငါးဖမ်းသူတွေကို ငွေတောင်းရာမှာ မွန်ပြည်နယ်အတွင်းက စစ်တပ်နဲ့လက် အောက ခံအဖွဲ့တွေမပါဘဲ ကဝမြို့နယ်အတွင်းကစစ်တပ်၊ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ကြံ့ခိုင်ရေးပါတီက တောင်းခံနေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တရားမဝင်ငါးဖမ်းသူတွေကို စစ်ကောင်စီတပ်ဘက်က ကျောထောက်နောက်ခံပေးထားတဲ့အတွက် အုပ်စုဖွဲ့ရန်ရှာတာတွေ ရှိလာသလို တရားဝင်ငါးဖမ်းဆီးသူတွေကလည်း တွက်ခြေမကိုက်တော့တာကြောင့် ငါးဖမ်းလုပ်ငန်းအပေါ် စွန့်ခွာသူတွေလည်း ရှိလာနေတာဖြစ်ပါတယ်။
တရားမဝင် ငါးဖမ်းလှေတွေကို သံဇကာပိုက်တွေနဲ့ပါ ဖမ်းဆီးခွင့်ပြုထားတဲ့အတွက် လာမယ့်နှစ်အတွင်း ရေသယံဇာတ ပိုမိုပြုန်းတီးလာသလို ငါးမျိုးစိတ်တွေလည်း မျိုးတုန်းလာနိုင်တယ်လို့ သယံဇာတထိန်း သိမ်းသူတွေက ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်