ရန်ကုန်၊ ဒီဇင်ဘာ(၂၇)

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုး သားကာကွယ်ရေးအက်ဥပဒေ NDAA ဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

NDAA ဥပဒေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့အပြင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ကူညီထောက်ပံ့မှုတွေဟာ အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကို အဖက်ဖက်ကနေ လုပ်ဆောင်ပေးနေပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ကို ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြပါရှိတဲ့ သံ တမန်စာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့ ကတစ်ဆင့် ပေးပို့ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NDAA ကို အတည်ပြုလိုက်တာဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအရ အရှိုက်ကိုအထိုးခံရတာကြောင့် NDAA နဲ့ ပတ်သက်တဲ့ မြန်မာ့အရေးကို အပြင်းအထန်ကန့် ကွက်ရတာလို့ သုံးသပ်ပါတယ်။

“NDAA ဥပဒေကို အမေရိကန်အောက်လွှတ်တော်၊ အထက်လွှတ်တော် သဘောတူတဲ့နောက် သမ္မတ ဘိုင်ဒန် လက်မှတ်ထိုးလိုက်တဲ့ကိစ္စ မြန်မာပြည်က စကစအတွက်တော့ နိုင်ငံရေးအရအရှိုက်ကို ထိုးခံလိုက်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လဲ NDAA နဲ့ ပတ်သက်တဲ့ကိစ္စကို အပြင်းအထန်ကန့်ကွက်ကြောင်း စာတွေလိုက်ပို့ အပြင်မှာထွက်ပြီး သဘောထားတွေ ထုတ်ဖော်ပြောတာတွေ လုပ်နေတာပေါ့ဗျာ။ လက်တွေ့ နိုင်ငံတကာရဲ့ သဘောထားအရ ပြောရရင် မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို စကစက မပိုင်ဘူးလို့ ကျွန်တော်တို့ ယူဆရမှာဖြစ်ပါတယ်။ဒီအပေါ်မှာ စကစနိုင်ငံခြားရေးဝန်ကြီးအဖွဲ့က ဆတ်ဆတ်ထိမခံဖြစ်နေတာကတော့ သိပ်မဆန်းပါဘူး၊ သူတို့ကို အသိအမှတ်မှ မပြုပဲကိုး”လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို လက်နက်မဟုတ်တဲ့ နည်းပညာနဲ့ လူကိုသေစေနိုင်တာ မရှိတဲ့အရာတွေ ထောက်ပံ့ပေးမယ့် NDAA ဥပဒေကို သမ္မတဘိုင်ဒန်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုလက်မှတ် ရေးထိုးပြီးဖြစ်ပါတယ်။

အဲဒီဥပဒေကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူတွေကိုလည်း ထောက်ပံ့ပေးမယ့်အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ အားပေးတဲ့ စစ်တပ်ကတပ်ဖွဲ့ဝင်ဟောင်း CDM ပြုလုပ်သူတွေနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေလည်း ထည့်သွင်းထားတာပါ။

ဒါကြောင့် NDAA ဥပဒေကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လာမယ့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ အကူအညီတွေ ရရှိမှာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ဖြုတ်ချတဲ့ နွေဦးတော်လှန်ရေးအတွက် တိုးတက်တဲ့ ခြေလှမ်းတစ်ရပ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.