ပြုံယမ်း – ဒီဇင်ဘာ(၂၈)

တောင်ကိုရီးယားနိုင်ငံထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်နေ့က မြောက်ကိုရီးယားပိုင် ဒရုန်းတွေ ဝင်ရောက်ပျံသန်းလာခဲ့တဲ့အတွက် ဂျက်လေယာဉ်တွေ၊တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအသုံး ပြု ပြီး ပစ်ချဖို့ လုပ်ဆောင်ခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ 

မြောက်ကိုရီးယားရဲ့ ဒရုန်း(၅) စင်းထဲက တစ်စင်းဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ် အနီး အထိပျံသန်းလာပြီး နောက်(၄) စင်းကတော့ အနောက်ဘက်ကမ်းရိုးတန်းကို ပျံသန်းသွားတာပါ။

ဒီဖြစ်စဉ်ကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယား ရဲ့ စစ်ရေးဆိုင်ရာပြင်ဆင်မှုပုံရိပ်တွေ ရယူဖို့ အတွက် စောင့်ကြပ်ရေးလေယာဉ်ကို တောင်ကိုရီးယားက ပြန်လည်ပို့လွှတ်ခဲ့တယ်လို့ စစ်ရေး အရာရှိက ဆိုပါတယ်။ 

“ဒီအရာက မြောက်ကိုရီးယားဘက်ကနေ ကျွန်ုပ်တို့ရဲ့ ဝေဟင်နယ်နိမိတ်ကို ကျူးကျော်လာတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိသာပါတယ်” လို့ တောင်ကိုရီးယား ပူးတွဲစစ်ရေး ဝန်ထမ်းရေးရာအကြီးအကဲ လီဆန်အို က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် တောင်ကိုရီးယား စစ်တပ်က အဲဒီဒရုန်းတွေကို ပစ်ချနိုင်ဖို့အတွက် စစ်ရေးကိရိယာ တွေကို အသုံးပြုခဲ့တယ်လို့ သူက ပြောပါသေးတယ်။ 

ဒရုန်းတွေကို ပစ်ချနိုင်တာရှိမရှိနဲ့ ပတ်သက်ပြီး စစ်ရေးအရာရှိက ပြောဆိုခဲ့တာမရှိပေမယ့် ယိုဟပ် သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ တောင်ကိုရီးယားစစ်တပ်ဘက်က အချက်ပေါင်း(၁၀၀) လောက် ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေကို ပစ်ချနိုင်တာမရှိဘူးလို့ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ဒရုန်း(၄) စင်းဟာ တောင်ကိုရီးယားနိုင်ငံအတွင်းပျောက်ဆုံးသွားပြီး ကျန်တဲ့ ဒရုန်းတစ်စင်းကတော့ မြောက်ကိုရီးယားဘက်ကို လှည့်ပြန်သွားတယ်လို့ ပူးတွဲစစ်ရေးအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ယိုဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။ 

တောင်ကိုရီးယား ပူးတွဲစစ်ရေး ဝန်ထမ်းရေးရာအကြီးအကဲ လီဆန်အိုရဲ့ ပြောဆိုချက်တွေအရ ကနဦး ဒရုန်းတွေဝင်ရောက်လာတာကို စစ်ဆေးတွေ့ရှိတဲ့အချိန်ထဲက သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

ကင်းထောက်ဒရုန်းတွေ တောင်ကိုရီးယားနိုင်ငံထဲကို ဝင်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး မီဒီယာ တွေရဲ့ မေးမြန်းမှုကို မြောက်ပိုင်းတာဝန်ရှိသူတွေက ဖြေဆိုတာမရှိသလို သူတို့ရဲ့ နိုင်ငံပိုင် မီဒီယာ တွေမှာလဲ ဖော်ပြထားတာမရှိဘူးလို့ သိရပါတယ်။ 

လျှို့ဝှက်မစ်ရှင်ဆောင်ရွက်တယ်လို့ ထင်ရတဲ့ မြောက်ကိုရီးယား ဒရုန်းတစ်စင်း ဟာ နယ်စပ်နား ကတောင်တန်းတစ်နေရာမှာ ပျက်ကျပြီးနောက် ဒီတကြိမ်ပျံသန်းမှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက အတည်ပြုထားပါတယ်။ 

မြောက်ကိုရီးယားက ပို့လွှတ်တဲ့ ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တွေဟာ ကင်မရာပါတဲ့ လေယာဉ် အကြမ်းထည်တွေဖြစ်တယ်လို့ ယူဆတာတွေရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကလည်း အလားတူ ဒရုန်းတွေ တောင်ကိုရီးယား နယ်စပ်ကျွန်းတစ်ခုပေါ်မှာ ရှာတွေ့ခဲ့သေးတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.