ပလ၊ ဒီဇင်ဘာ(၂၈)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ပလနယ်မြေရဲစခန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၆ နာရီ လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် နေထိုင်နေတဲ့ ပလနယ်မြေရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ ဒေသ PDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံကတော့ ပလနယ်မြေရဲစခန်းဘက်က အချိန်မရွေး လာရောက်တိုက်ခိုက်ဖို့ စိန်ခေါ်ထားတဲ့အတွက်ကြောင့် လေးကြိမ်မြောက်သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံတွေနေအိမ်တွေမှာပဲ ပုန်းခိုနေထိုင်ခဲ့ကြပေမယ့် ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြတယ်လို့ သိရပါတယ်။

ပလမြို့ထဲမှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.