CDM ဆရာဝန်ဒေါ်သင်ဇာအေးနဲ့ ဆက်သွယ်မေးမြန်းချက်။ 

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်ထားပါတယ်။ အဲဒီထဲမှာ CDMဆရာဝန် ဒေါ်သင်ဇာအေးလည်း ပါဝင်ပါ တယ်။ CDM ဆရာဝန် ဒေါ်သင်ဇာအေးဟာ CDM ပြုလုပ်ပြီးနောက် ချင်းပြည်နယ်နဲ့ အခုအခါ ကယားပြည်နယ် ထဲကထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ဆေးဝါးကုသတာနဲ့ထောက်ပံ့ကူညီတာတွေ လုပ် ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် CDM ပြုလုပ်စဉ် ရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တိုက်ပွဲတွေ အတွင်းဆေးဝါးကုသပေးစဉ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု၊ မြေပြင်မှာ စစ်ရှောင် ပြည်သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စစ်ကောင်စီတပ်ကအရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးCDM ဆရာဝန်ဒေါ်သင်ဇာအေးနဲ့ ဆက်သွယ်မေးမြန်းချက်။ 

-အရင်ဆုံးအနေနဲ့ CDM ပြုလုပ်လာပြီးနောက် ကယားပြည်နယ်ကို ရောက်လာခဲ့ပုံနဲ့ လတ်တလောမှာရော ဘာတွေကူညီဆောင် ရွက်ပေးနေလဲ။

ကျွန်မကရင်နီပြည်နယ်ကို ရောက်ရှိခဲ့တာကတော့ မနှစ်က အာဏာသိမ်းတော့ ၆လပိုင်းမှာစပြီး ကရင်နီပြည်ကို ရောက်ပါတယ်။ အဓိက ရောက်လာတာကတော့ ကျွန်မတတ်စွမ်းတဲ့ပညာနဲ့ ဒီဒေသကကျွန်မတို့ သွေးချင်းတွေကို ကူညီဖို့အတွက်ရောက်လာတာပေါ့။ ဒီမတိုင်ခင် ကျွန်မကရန်ကုန်ကသပိတ်တွေမှာ တောက်လျှောက်ပါခဲ့ တာပေါ့။ ပြောက်သပိတ်တွေမှာလည်း ပါလာတယ်။ ရန်ကုန်မှာ အရမ်းကို အဖမ်းအဆီးတွေ ကြမ်းလာပြီးတော့ အရမ်းခက်ခဲလာတဲ့အချိန်မှာ တစ်ချို့လူငယ်တွေက လက်နက်ကိုင်ဖို့အတွက် လွတ်မြောက်နယ်မြေသွားပြီး သင်တန်းတွေတက်ကြတယ်ပေါ့။ ကျွန်မကျ ပြန်စဉ်းစားကြည့်တာပေါ့။ ဘာလုပ်ပေးနိုင်လဲပေါ့။ တော်လှန်ရေး အတွက်ပေါ့။ကျွန်မတတ်တဲ့ပညာနဲ့ အရင်ဆုံး ကျွန်မတို့ ဒီဘက်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကိုယ်ဘာကူ ပေးနိုင်လဲပေါ့။ တော်လှန်ရေးမှာ ကိုယ့်ရဲ့အားဘယ်လောက်ထိ ထုတ်ပေးနိုင်လဲပေါ့။ စဉ်းစားပြီး ကျွန်မချင်းပြည်နယ်ကို အရင်ဆုံး သွားခဲ့တယ်။ ချင်းပြည်နယ်မှာ၂၀၁၁မေလမှာ စပြီးတော့ စစ်ဘေးရှောင် သွေးချင်းတွေအတွက် ရိက္ခာတွေသွားလှူတယ်။ ပြီးတော့ ဆေးတွေကုပေးတယ်။ အဲဒီကနေ ဇွန်လလည်း ရောက်တော့ ဒီဘက်မှာ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ဆေးအဖွဲ့တွေလည်း လိုတယ်ဆိုတော့ ကျွန်မဇွန်လမှာစပြီးတော့ ကရင်နီကိုရောက်တာပေါ့။

ကျွန်မစစ်ဘေးရှောင်စခန်းတွေရယ်၊ စစ်ဘေးရှောင်တွေရှိတဲ့ ရွာတွေရယ်၊ ဆေးရုံဆေးခန်းနဲ့ဝေးတဲ့ ရွာတွေကို သွားပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်။ ပြီးတော့ ကျွန်မတို့စစ်ဘေးရှောင် သွေးချင်းတွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ကျွန်မရောက်တဲ့အချိန်က မိုးတွင်းဆိုတော့ လိုအပ်တဲ့မိုးကာတွေ သူတို့ အတွက် လိုအပ်တဲ့ဟာတွေကို ကျွန်မကူညီပေးတယ်။ ကျောင်းတွေပိတ်ထားတဲ့ အခါကျတော့ ကလေးတွေရဲ့ ပညာရေးမှာ ပြောရမယ်ဆိုရင် ကျွန်မတို့အစိုးရပညာရေးမရှိချိန် ကလေးတွေ စာနဲ့မဝေးရအောင် ပြင်ပဗဟုသု တတွေနဲ့ ပတ်သက်ပြီးကူညီတာတွေ လုပ်ခဲ့ပါတယ်။

-ကယားပြည်နယ်မှာရှိနေစဉ် ကြုံတွေ့ရတဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေမှာ ရင်ဆိုင်ကြုံတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်မတို့ ရောက်ပြီးတဲ့အချိန်မှာလည်း တောက်လျှောက် တိုက်ပွဲတွေဖြစ်တိုင်းလည်း ကြုံရတယ်။ ကိုယ်တိုင် လည်း ဆေးကုနေရင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြေးရတဲ့အခြေအနေတွေ ရှိခဲ့တယ်။ ပြီးတော့ ကိုယ်နေတဲ့ နေရာနားမှာလည်း လက်နက်ကြီး တွေကျ တယ်။ ညတွင်းချင်းပေါ့။ လုံးဝကားမီးထွန်းလို့ မရဘဲ ကားမီးပိတ်ပြေး ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို ဆေးသွားကုတဲ့ စစ်ရှောင်စခန်းလေးပေါ့။ စစ်ရှောင်စ ခန်းသုံးခုရှိတယ်။ ဆေးလာကုဖို့ ပြောထားတဲ့အခါကျတော့ နာရီဝက်လောက် အကြာမှာ အပေါ်ကနေ နာရီသံကြားရတယ်။ ထွက်ကြည့်လိုက်တော့ ဂျက်လေယာဉ်တွေ တိုက်လေယာဉ်တွေပေါ့။ ပုံမှန်ဆို ကိုယ့် ခေါင်းပေါ်လေယာဉ်ဝဲတာတွေက ခဏခဏကြုံရတယ်။ အဲ့နေ့ကတော့ တော်တော်ကို နိမ့်နိမ့်လေးပေါ့။ ကိုယ့်မှာသာ ပစ္စည်းရှိရင် ပြန်ပစ်လို့ရမယ့် အနေအထားပေါ့။ ဒါပေမယ့်ကိုယ်တွေမှာ ဘာမှလည်း မရှိဘူး။ တကယ့်နိမ့်နိမ့်လေးပျံတဲ့အချိန်မှာ အထိတ်တ လန့်ဖြစ်ရတယ်။ ဒါပေမယ့်ကိုယ်တိုင်က ကြောက်နေတယ်ဆိုရင် တခြားသွေးချင်းတွေ ပိုဆိုးမှာစိုးလို့ ပထမလေယာဉ်ပျံလာတုန်းက ကင်းထောက်လားပေါ့။ နိမ့်နိမ့်လေး ဆိုတော့ မဟုတ်တော့ မဟုတ်လောက်ဘူးပေါ့။ ဒုတိယတစ်ခါ ပြန်လှည့်လာတဲ့အခါ တော်တော် နိမ့်နိမ့်လေးဆိုတော့ မျက်စိပျက်မျက်နှာပျက်ပေါ့။ တော်တော်လန့်နေကြပြီ။ လန့်နေကြတော့ စာသင်ကျောင်းထဲမှာလည်း ကျွန်မတို့ ဆေးကုတဲ့နေရာ စစ်ရှောင်စခန်းနားမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းရှိတယ်။ ကလေးတွေက စာသင်နေတာပေါ့။ အရမ်းနိမ့်နိမ့် လေး နှစ်ခါသုံးခါပျံလာတော့ ကျွန်မတို့အတွေ့အကြုံအရရော ဒီစစ်ရှောင်စခန်းက သွေးချင်းတွေရဲ့ အတွေ့အကြုံအရရော လူကြီး တစ်ယောက်ကလာပြောတယ်။ ဆရာမ ကြဲတော့မယ်ပြေးမှ ရတော့မယ်။ ဗုံးခိုကျင်းထဲ ။

စာသင်ရက်တန်းလန်းကလေးတွေလည်း ပြေးထွက်လာတယ်။ တစ်ချို့ ကလေးတွေဆို စာအုပ်လေးကိုင်လျက်လေး ပြေးလာ ကြတယ်။ ကျွန်မတို့ကျ ဒီကလေးတွေပြေးနေတဲ့ဟာတွေရော ကိုယ်ကဆေးကုဖို့ သွားတော့ စခန်းသုံးခုက ဟာတွေရော အထဲမှာလည်း လူနာတွေ အများကြီးပေါ့။ အသက်ကြီးတဲ့လူနာတွေ အဘိုး၊ အဘွား တွေ၊ ကလေးတွေကို ဗုံးကြဲရင် လွတ်အောင်ပေါ့ ဗုံးခိုကျင်းထဲ ဦးစားပေးဝပ်ခိုင်းရတယ်။ အဲဒီလိုတွေ ကျွန်မတို့ လုပ်ခဲ့ကြတယ်။ လူနာတွေရော ကလေးတွေအကုန်လုံး အဲဒီနေ့ကဘေးကင်းကင်းနဲ့ ရောက်ကုန်တယ်။ ကံ ကောင်းထောက်မစွာနဲ့ အပေါ်ကြည့်လိုက်တဲ့အခါ အဲဒီလေယာဉ်က ဂျွမ်းနှစ်ပတ်ဝဲ ပြန်သွားတယ်။ အဲဒီနေ့က သိရသလောက် ကရင်နီတပြည်နယ်လုံးမှာ သူတို့အစွမ်းကို လာပြတယ်ပေါ့။ ကျွန်မတို့ သိလိုက်ရတယ်။

ဒီနေ့လည်း ကင်းထောက်လေယာဉ်တွေ ဝဲတယ်ပေါ့။ ဒီရက်ပိုင်းမှာ အရှေ့ဘက်မှာလည်း ပွဲကတောက်လျှောက် က နေတယ်။ တချို့နေရာလေးတွေကို ကျွန်မတို့ ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ပြန်ယူထားတာလေးတွေလည်း ရှိတယ်ပေါ့။ အရှေ့မှာလည်း အခုထိလည်းပွဲတွေ တောက်လျှောက်ကနေတယ်။ သူတို့ဂျက်လေယာဉ်နဲ့ ကင်းထောက်တာတွေလည်း လေယာဉ်တွေကတော့ တောက်လျှောက်ဝဲနေတယ်။ ညဘက်ဆို ပိုဆိုးတာပေါ့။

လက်နက်ကြီးတွေ ထုတယ်။ လေယာဉ်ဝဲပြီး နောက်ရက်မှာပဲ စစ်ရှောင်စခန်းတစ်ခုကို လက်နက်ကြီးကျတယ်။ လက်နက်ကြီးက ညဘက်ဆို တောက်လျှောက်ထုတယ်။ ကျွန်မတို့နေတဲ့နေရာမှာ အရှေ့ဘက်ပွဲကတဲ့နေရာနဲ့ နီးတယ်။ လက်နက်ကြီးထုတာ အိမ်တုန်တဲ့အထိတောင် ဖြစ်တယ်ပေါ့။ အဲဒီလိုတွေ ကျွန်မတို့တွေ့ရတယ်ပေါ့။ ဟုတ်ကဲ့။

-စစ်ကောင်စီတပ်က အခုနောက်ပိုင်းမှာ စာသင်ကျောင်း၊ လူနေအိမ်အပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

အဓိကက စစ်ကောင်စီက စာသင်ကျောင်းတွေ လူနေအိမ်တွေတင်မကဘူး။ ကျွန်မတို့ ဆေးရုံဆေးခန်းတွေ ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆို သူတို့ ဆေးရုံနှစ်ရုံလောက်ကို လက်နက်ကြီးနဲ့ ကြဲချသွားတယ်။ တစ်ရုံဆို ဆေးရုံရဲ့ဘေးကိုကျသွားတယ်။ ဆေးရုံတွေ အကုန်လုံးကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တယ်။ ပြည်သူတွေအကုန်လုံးကို ပစ်မှတ်ထားတိုက်ခိုက်တယ်။ ကျွန်မတို့ ပြည်သူတွေမှာ ဘာလက်နက်မှ မရှိဘူး။ တကယ့်ကို အေးအေးချမ်းချမ်းနဲ့ ပိုဆိုးတာက တိုင်းရင်းသား ပြည်သူတွေဆိုတာ အရမ်းကို ရိုးသားတယ်။ ဖြူစင်တယ်။ တောင်ယာတွေ လုပ်ကိုင်စားသောက်နေကြရတယ်။ အဲဒီလိုလူတွေက အိုးပစ်အိမ်ပစ်နဲ့ တောထဲမှာ လာစစ်ရှောင်နေရတဲ့အချိန်မှာတောင် သူတို့ကဘာကိုမှ မကြည့်ပဲ သူတို့အာဏာ တည်မြဲဖို့အတွက် လူတွေကို ခြိမ်းခြောက်တယ်။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့ပဲ ကျွန်မကတော့ မြင်ပါတယ်။

-အခုလို အခက်အခဲတွေကြားမှာ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ အားတင်းပြီးရှေ့ဆက်နေပါသလဲ။

အဓိကက ကျွန်မတို့တော်လှန်ရေးက ပြောရမယ်ဆို ခရီးရှည်တယ်ပေါ့။ ဒီဘက်မှာဆို အ ခက်အခဲတွေက အများကြီး ကြုံရတယ်။ ဆေးတွေကအစရှေ့မှာ တိုက်ပွဲတွေဖြစ်နေတော့ ပုံမှန်လမ်းကြောင်းကနေ ကျွန်မတို့ သယ်လို့မရဘူး။ လမ်းအဝေးကြီးတွေကနေ ပတ်သယ်ရတယ်။ လမ်းမှာ ခွေးတွေကစစ်တဲ့အခါ စစ်ကောင်စီက စစ်တဲ့အခါမျိုးမှာဆေးပစ္စည်းတွေ သိမ်းခံရတဲ့အခါမျိုးတွေ ရှိတယ်။ သယ်လာပေးတဲ့ သယ်ယူပို့ဆောင်ရေး တွေကို အန္တရာယ်ပြုတယ်။ ရန်ရှာတယ်။ ကျွန်မတို့ ကြုံရတယ်ပေါ့။တချို့ ဆေးပစ္စည်းတွေဆို ကျွန်မတို့ဆီ မရောက်တာ အများကြီးရှိတယ်။ ကျွန်မတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အခါကျတော့ ဆေးဝါးတွေ သယ်ယူပို့ဆောင်ပေးဖို့ အခက်အခဲတွေရှိတယ်။ ကျွန်မတို့ ဒီဘက်မှာဆို ပစ္စည်းရောက်ဖို့က အရမ်းခက်သွား တယ်။မနှစ်ကထက် ပိုခက်လာတယ်။ လမ်းတွေက ပုံမှန်ထက်ပိုပိတ်လာတယ်။ အဲဒီအခက်အခဲလေးတွေ ရှိတယ်။ ကျွန်မဘယ် လိုကျော်ဖြတ်လဲဆိုရင် ဒီဘက်မှာတချို့ သွေးချင်းတွေက ပြန်စရာအိမ်မရှိတော့ဘူး။ ကျွန်မတို့ဆို အိမ်ချိတ်ပိတ်ခံရတယ်။ ဒါပေမယ့်တချိန် အရေးတော်ပုံကြီး အောင်သွားလို့ရှိရင် ကျွန်မတို့က ပြန်စရာအိမ်ရှိသေးတယ်။ ဒါပေမယ့် ကျွန်မတို့ သွေးချင်းတွေက အိမ်တွေမီးရှို့ခံရတယ်။ သူတို့မှာ လုံးဝ ပြာကျသွားပြီ။ ပြန်စရာအိမ် မရှိတော့ဘူး။ ဒီလိုသွေးချင်းတွေအတွက် ကျွန်မတို့ရဲ့ တော်လှန်ရေးမှာ အသက် ပေးပြီးတော့ တိုက်ပွဲဝင်ပေးခဲ့တဲ့ ကျွန်မတို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးမှာအသက်ပေးပြီးရင်းခဲ့တဲ့ လူငယ်တွေအတွက် ကျွန်မတို့ ဒီမှာကြုံနေရတဲ့ အခက်အခဲတွေက အဲဒီဟာတွေနဲ့ ယှဉ်ရင် ပြန်အားတင်းလို့ရ တယ်ပေါ့။ ငါတို့် ဒီနေရာမှာ ရပ်လိုက်တယ်ဆိုရင် တော်လှန်ရေးအတွက် အသက်ပေးလိုက်ရသူတွေ အိုးအိမ်ဆုံး ရှုံးရသူတွေအတွက် ဘာမှဆက်လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ သူတို့အတွက် ကျွန်မတို့ လုပ်ပေးစရာတွေ အများကြီးရှိတယ်။ ကျွန်မတို့ ဒီထက်ပိုအားယူရမယ်။ တစ်ယောက်လဲသွားရင် ကျွန်မတို့ နှစ်ဆပိုကြိုးစားရမယ် ဆိုတဲ့ ခွန်အားတွေနဲ့ပဲ ကျွန်မလုပ်ဖြစ်ပါတယ်။

-ကယားပြည်နယ်ထဲက စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေး၊ပညာရေးနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေမှာရော ဘယ်လိုပြဿနာတွေ ရှိနေလဲ။

အဓိကကတော့ ကျန်းမာရေးပိုင်းမှာဆို ကလေးတွေနဲ့ ဒီအဘိုးအဘွားတွေဆို စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာလေး တွေရှိတယ်။ အနည်းနဲ့အများပေါ့နော်။ တချို့ကလေးတွေဆို ငေးငေးငိုင်ငိုင်လေးတွေဖြစ်တယ်။ သူတို့ စိတ်ထဲ မှာ တခုခုဆို ကြောက်လန့်တဲ့စိတ်တွေ၊ အရွယ်နဲ့မမျှတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာလေးတွေ တွေ့ရတယ်။ နောက်တစ်ခုကပညာရေးပိုင်းမှာဆို ကလေးတွေက ပညာရေးနဲ့ ပြတ်နေတာကြာပြီ။ ဒီနှစ်မှာဆို ဩဂုတ်လက စပြီးတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးတွေ ပြန်ဖွင့်လာတဲ့အခါ ကလေးတွေက ကျောင်းတက်ရတာ ပျော်တယ်။ သင်ယူရတာ ပျော်တယ်ပေါ့။ အဲဒီလို ပျော်နေတဲ့အချိန်မှာ ခုနကလို လေယာဉ်ဝဲပြီး ပျံလာတဲ့အခါ သူတို့ တော်တော်လေးကို ကြောက်လန့်တကြားဖြစ်တယ်ပေါ့။ စာသင်ခန်းကထွက်လာတဲ့ ကလေးတစ်ယောက် နောက်ဆုံးသူကြောက်ပြီးတော့ ဆေးခန်းလာပြတဲ့ အဆင့်ထိကို ဖြစ်သွားတယ်။ အဲဒီလိုမျိုးလေးတွေ တွေ့ရ တယ်။နောက်တစ်ခုက ကလေးတွေက ပညာရေးနဲ့ ပတ်သက်လို့ရှိရင် စာနဲ့လည်းကင်းကွာခဲ့တာ ကြာပြီဆို တော့ ကျောင်းတက်ရတာအရမ်းပျော်တယ်။ သင်လည်း သင်ယူကြတယ်ပေါ့။ ဒါပေမယ့် တစ်ခုဘာတွေ့ ရလဲဆိုသူတို့ကို ပုံတွေ ဆွဲခိုင်းတာတို့ ကစားတာတွေဆို သူတို့က အခုလက်ရှိကာလမှာ သူတို့မြင်နေရတယ် ပေါ့။ လက်နက်ပုံလေးတွေ သေနတ်ပုံလေးတွေဆွဲတယ်။ ကစားရင်သေနတ်ပစ်တမ်း ကစားတယ်။ အဲဒီလို ပုံစံမျိုးတွေ များလာတယ်ပေါ့။ ယောကျ်ားလေးတွေတင်မဟုတ်ပဲ မိန်းကလေးတွေကအစ စစ်တိုက်တမ်း ဆော့နေတာတို့၊ မင်းကို ငါပစ်မယ်တို့ အဲဒီလိုမျိုးတွေ တွေ့ရတာပေါ့။ အမှန်တိုင်းပြောရရင် စိတ်ထဲတော့ အတော်မကောင်းဖြစ်ရတယ်။ ဘာဆို့လို နုနယ်တဲ့ကလေးတွေ စိတ်ထဲမှာ ဒီဟာကြီးက ရှိသွားတယ်ပေါ့။ ပုံမှန်ကစားတာ မဟုတ်ဘဲ သေနတ်ပစ်တမ်း ကစားတယ်။ ဝါးလေးတွေနဲ့ သေနတ်ပုံလေးတွေ လုပ်တာတို့ ဒါမျိုးလေးတွေ ပန်းချီဆွဲလို့ ရှိရင် သေနတ်ပုံဆွဲတာတို့ ဒါမျိုးတွေကို အများကြီးတွေ့ရတယ်ပေါ့။

စစ်ရှောင်စခန်းက ပညာရေးကျောင်းလေးတွေမှာဆို ကျွန်မတို့ သွားလှူတဲ့အခါမျိုးတွေမှာဆို အဲဒါမျိုးလေးတွေ အတွေ့များလာတယ်။ ကလေးတွေက မရင်းနှီးသင့်တဲ့ အရာကို သူတို့ရင်းနှီးလာတယ်။ လက်မခံသင့်တဲ့ အရာကို သူတို့လက်ခံလာတယ်။ အဲ့တော့ စိတ်ဒဏ်ရာလေးတွေ သူတို့မှာကိုယ်စီ ရှိကြတယ်။

-နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။ ပြောကြားပေးပါဦး။

အဓိကကကျွန်မတို့ တော်လှန်ရေးက ပြည်သူတိုင်း အကုန်ပါဝင်ပါမှ မြန်မြန်အောင်မှာပေါ့။ အကြောက်တရား တွေ ထည့်ထားတဲ့ အခါကျတော့ ကြောက်လန့်ပြီးတော့ တော်လှန်ရေးကို စွန့်ခွာသွားတဲ့သူတွေလည်း ရှိ ကောင်း ရှိနိုင်တယ်။ အဲဒီတာ့ အဲဒီလူတွေကိုလည်း ဒီကနေမေတ္တာရပ်ခံချင်တာက ကျွန်မတို့ မတရားမှုကို ငုံ့ခံနေရင် မင်းကိုနိုင်ပြောသလိုပဲ ကိုယ့်အိမ်တံခါးကို အချိန်မရွေးလာခေါက်နိုင်တယ်ဆိုတဲ့ အခါကျတော့ တော်လှန်ရေးမှာ ရှေ့တင်ပဲထွက်ထွက်၊ နောက်ကွယ်မှာပဲ ဖြစ်ဖြစ်ပေါ့နော်။ အတတ်နိုင်ဆုံး ဝိုင်းပြီးတော့ ကူပေးကြပါ ။ ကျွန်မတို့တော်လှန်ရေးအမြန်အောင်ဖို့အတွက် ပြည်သူတစ်ယောက်ချင်းဆီက ပါဝင်အားဖြည့်မှပဲ ကျွန်မတို့ဒီမတရားမှုကြီးကို တော်လှန်နိုင်မှာပေါ့နော်။ အဲဒီတော့ရောက်တဲ့နေရာကနေပြီးတော့ ကိုယ်တတ်နိုင် တဲ့အားနဲ့ တော်လှန်ရေးမြန်မြန်အောင်ဖို့ကို ဝိုင်းကူပေးကြပါလို့ဖြည့်စွက်ပြောချင်ပါတယ်ရှင်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.