ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့် ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် လာမယ့် ၂၀၂၃ ခုနှစ်မှာအထွေထွေရွေး ကောက်ပွဲကျင်းပဖို့ အပြင်းအထန်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အတွက် နေပြည်တော်ကောင်စီနယ်မြေနဲ့ ရန်ကုန်မြို့အပါအဝင်တိုက်ပွဲမရှိတဲ့ တိုင်းနဲ့ပြည်နယ်တစ်ချို့က မြို့ပြတွေမှာ မဲစာရင်းကောက်ယူတာတွေနဲ့ မဲရုံတည်နေရာ သတ်မှတ်တာတွေ ပြင်ဆင်လာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီက ကျင်းပသွားမယ့် ရွေးကောက်ပွဲအပေါ် KNU အနေနဲ့ ဘယ်လိုမြင်လဲ။ စစ်ကောင်စီ လုပ်မယ့်ရွေးကောက်ပွဲကို KNU ထိန်းချုပ်နယ်မြေမှာ လက်ခံဖို့ ရှိလား၊ ရွေးကောက်ပွဲဝင်မယ့် ကရင်နိုင်ငံရေး ပါတီတွေကို ဘာသတင်းစကားပါးလိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့် ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒါက ဒီလိုရှိပါတယ်။ အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ သူတို့အာဏာထပ်သိမ်းတဲ့အခါမှာ သူတို့ လုံးဝမမျှော် လင့်ထားတဲ့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားတယ်ဆိုတာသူတို့ အသိအမှတ်ပြုထားတယ်။ အဲဒါ ကြောင့်မို့ နိုင်ငံတကာမျက်နှာစာမှာ ဘယ်လိုမှတိုးလို့မရတော့ ဘယ်နေရာမှ အသိအမှတ်ပြုခြင်း မခံရဘူး။ နိုင်ငံရေးမှာလည်း သူ့ကိုဘာမှဆေးဖော်ကြောဖက်လုပ်ခြင်း မခံရဘူး။ စီးပွားရေးပိတ်ဆ့ိုမှုဒဏ်လည်း ပြင်းထန် လာတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားဖြစ်တယ်။ အဲဒီထဲမှာမှ သူတို့လုံးဝမမျှော်လင့်ထားတဲ့ ပြည်သူ လူထုရဲ့ တော်လှန်ပုန်ကန်မှုက တော်တော်ကြီးကိုပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့က အကြပ် အတည်းပေါင်းစုံနဲ့ရင်ဆိုင်လာရပြီး နိုင်ငံရေးအရ ဆီးချုပ်ဝမ်းချုပ်တဲ့ အနေအထား ရောက်သွားပြီးတော့ ထွက် ပေါက်လေးရမလားဆိုပြီး ထွက်ပေါက်ရှာတယ်။ အဲဒီလိုရှာတဲ့အခါမှာ နှစ်ချက်ပဲသွားတွေ့တယ်။ တစ်အချက်က အမည် ခံငြိမ်းချမ်းရေးကို ကြိုးစားပြီးတော့လုပ်တယ်။ ဒါပေမယ့် လုံးဝအရာမထင်ဘူးဆိုတာ လူတိုင်းသိတဲ့ ကိစ္စ။ နောက်တစ်ချက်က အတုအယောင်ရွေးကောက်ပွဲကိုလုပ်ဖို့ အားထုတ်လာတယ်။ ဒါတွေကလည်း အထူး သဖြင့် အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ လူထုကိုသတ်ဖြတ်နေတဲ့ ပြည်သူလူထုတစ်ရပ်လုံးကလည်း လုံးဝလက်မခံနိုင်တဲ့ အနေအထားတစ်ခုကို သူကလုပ်လာတဲ့အခါမှာ သူကိုယ်တိုင်ကလည်း တရားမဝင်တဲ့သူ ဖြစ်သွားပြီ။ အာဏာထပ်သိမ်းတဲ့အခါမှာ ဘာမှရစရာမရှိတဲ့အခါမှာ သူကလည်း အဲဒီလို လုပ်လာတဲ့အခါမှာ သူ့မှာ လုပ်ပိုင်ခွင့်တွေလုံးဝမရှိဘူးလေ။ အဲဒီလို လုပ်ပိုင်ခွင့်မရှိတဲ့ဟာ ဒီလိုလုပ်တဲ့ဟာတွေက ဘာမှတရား ဝင်မရှိဘူး။ ကျွန်တော်တို့ ဘယ်လိုမှလက်ခံလို့မရနေတဲ့ အနေအထားတစ်ခု ရောက်သွားပြီ။ ဒါကကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပဲ ပြောထားပါတယ်နော်။

-စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် PR စနစ် ကျင့်သုံးသွားမယ်လို့ ပြောပါ တယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

PR စနစ်က ပြောရမယ်ဆိုရင်ပေါ့ဗျာ။ စစ်ကောင်စီက အာဏာသိမ်းတယ်။ အာဏာသိမ်းတာကို အာဏာသိမ်း တယ်လို့ မပြောဘဲ အာဏာထိန်းတယ်ဟိုပြောဒီပြောနဲ့ ၂၀၀၈ကရှိနေသလိုနဲ့ ဟန်ဆောင်ပြီးတော့ လုပ်နေကြ တဲ့ အနေအထားရှိနေတယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီ၂၀၀၈ထဲမှာမရှိတဲ့ PR စနစ်ကို တမင်တကာ ထည့် လာတာတော့ ဒါကလုံးဝအဆီအငေါ်မတည့်တဲ့ဟာတွေပဲ ဖြစ်တယ်။ ဘာမှလည်း သက်ရောက်မှု ရှိမှာလည်း မဟုတ်ဘူး။အနာတခြား ဆေးတခြား ပြည်သူလူထုကလည်း PR စနစ်ကို ဘာမှန်းသိတာလည်း မဟုတ်ဘူး။ ဆိုတော့ မဖြစ်နိုင်တဲ့ဟာကို လျှောက်လုပ်နေတာပဲလို့ ကျွန်တော်တို့ပြောရမှာပဲလေ။

-KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်ခံလား၊ ဒီအပေါ်မှာ ဘယ်လိုမှတ် ချက်ပေးလိုသလဲ။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကရင့်တော်လှန်ရေး သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ ဆန့်ကျင်ခဲ့တာမရှိဘူး။ ပြည်သူလူထု ဆန္ဒအဓိကပဲဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ လုပ်မယ့်ရွေးကောက် ပွဲက လုံးဝသူလုပ်ပိုင်ခွင့်မရှိဘူးလေ။ သူကိုယ်တိုင်က ဒီလောက်တောင် တရားမဝင်တဲ့သူ ဖြစ်သွားပြီ။ သူခိုး၊ ဓါးပြဆန်ဆန်လုပ်သွားတဲ့အခါမှာ ဒီလုပ်တဲ့ဟာတွေက ဘာမှလက်ခံနိုင်စရာ မရှိဘူးလေ။ ဒါကြောင့်မို့ ကျွန် တော်တို့ကလည်း ဆုံးဖြတ်ချက်ချပြီးသားပါ။ ကြေလည်းကြေညာထား ပြီးသားပါ။ ဒီအတုအယောင် ရွေး ကောက်ပွဲက လွတ်လတ်တရားမျှတမှု လုံးဝမရှိလို့ ဒီရွေးကောက်ပွဲကို လုံးဝလက်ခံနိုင် စရာအကြောင်း မရှိဘူးလို့ ကျွန်တော်တို့ ပြောထားပြီးသားပါ။

-စစ်ကောင်စီ ရွေးကောက်ပွဲ အတင်းအကျပ်လာလုပ်လို့ရှိရင် စစ်ရေးနဲ့နိုင်ငံရေး အခြေအနေတွေ ဘယ်လိုမျိုး ဆက်ရှိလာနိုင်မလဲ။

အကြမ်းဖက်စစ်အုပ်စုကနေ တဇွတ်ထိုးရွေးကောက်ပွဲ အတင်းအကြပ်လုပ်လာမယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲကို ပြန်တ့ုံပြန်ပုံ နည်းတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့တူမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်ပြောချင်တာက ဒါအတင်း အကြပ်လုပ်လာတဲ့ အနေ အထားကတော့ စစ်ရေးနိုင်ငံရေးမှာ အရှုပ်အထွေးအများကြီး ပေါ်ပေါက်လာမယ်။ဒီလို ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲတွေ အားလုံးကိုလည်း စစ်ကောင်စီကပဲ တာဝန်ခံရမယ်လို့ ကျွန်တော်ပြော ချင်တယ်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကရင်နိုင်ငံရေးပါတီ တွေကိုရော ဘာသ တင်းစကားပါးချင်သလဲ။

နောက်ဆုံး ရွေးကောက်ပွဲဝင်တဲ့ ကရင်နိုင်ငံရေးပါတီတွေရှိများရှိခဲ့ရင် ကျွန်တော်တို့ ဘာပြောချင်လဲဆိုတော့ အထူးသဖြင့် ပါတီ နိုင်ငံရေးလောကမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ ပါတီအကျိုးနဲ့ တိုင်းပြည်အကျိုး ယှဉ်လာတဲ့ အခါမှာ တိုင်းပြည်အကျိုးပဲဦး စားပေးရမယ်ဆိုတာ ရှိတယ်လေ။ ဒါက လူတိုင်းတော်တော်များများ ပြောနေကြတာပဲ။ ကျွန်တော်ပြောချင်တာက အထူးသဖြင့် ကရင့်နိုင်ငံရေးပါတီတွေ ဒီနေ့ဒီအချိန်အခါ ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင် တော်လှန်နေရတဲ့အခါမှာ ကျွန်တော်တို့က ဒီအနေအထားမျိုးမှာ လုံးဝလက်မခံပဲ ကိုယ်ထင်ရာ ကိုယ်စိုင်းလုပ်နေကြတဲ့အခါမှာ ဒါကသမိုင်းတစ်လျှောက် လုံးမှာကို လုံးဝကို ပြည်သူလူထုရဲ့ အပြစ်တင်မှု၊ ပြည်သူလူထုရဲ့ လုံးဝအသိအမှတ်မပြုမှု၊ ပြည်သူလူထု ရဲ့တံထွေးခွက်ထဲကို ရောက်သွားမယ်ဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်းပဲ ထောက်ပြလိုတယ်နော်။ နောက်ဆုံး ပြောရမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုမယ်ဆိုရင်တော့ ကိုယ့်သမိုင်းကိုယ် ရေးသွားမယ်ဆိုတာ ဒါလုံးဝ ဘယ်လိုမှ မျက်နှာပြလို့မရတဲ့ အနေအထား တစ်ခုကို ရောက်သွားမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.