ရန်ကုန်၊ ဒီဇင်ဘာ(၂၇)

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေ ညာထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သက်တမ်းဟာ လာမယ့်နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုစွပ်စွဲချက်နဲ့ လက်နက်အားကိုးပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုပြီး အရေးပေါ်ကာလပြဌာန်းချက် ပုဒ်မ ၄၁၇ အရ တစ်နှစ်နဲ့ ပုဒ်မ ၄၂၅ အရ နောက်ထပ်ခြောက်လကို နှစ်ကြိမ် သက်တမ်းတိုးယူခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမယ့်နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းကို လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ အရေးပေါ်ကာလသက်တမ်းအလွန်မှာ အစိုးရအသစ်အဖွဲ့တာ ဒါမှမဟုတ် ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲ ဆက်သွားမလာဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ရမှာ ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ အဖြေတစ်ခုပေါ်မယ်လို့ သုံးသပ်ပါတယ်။

“ယာယီသမ္မတကို အာဏာပြန်လည်လွှဲပြောင်းပေးပြီးတော့မှ အစိုးရတစ်ဖွဲ့ဖွဲ့ပြီး ဆက်ပြီးတော့ ရွေး ကောက်ပွဲကျင်းပနိုင်ဖို့ အခင်းအကျင်းလုပ်မလား။ သို့တည်းမဟုတ် သီးခြားအစိုးရတစ်ရပ်ကို ကြားဖြတ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကျော်လွန်တဲ့ကာလ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အထိ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပြီးတော့ပဲ ဆက်သွားမလားပေါ့။ ဒါက ဖြစ်နိုင်တဲ့အလားလာကို ခန့်မှန်းတာပေါ့။ သို့သော်တကယ်ပေါ်ပေါက်လာမှာက နစကရဲ့ အဆုံးအဖြတ်ပါပဲ။ ဒါလည်း ကြာကြာစောင့်ရမယ့် အနေအထားတော့ မဟုတ်ဘူး။ အခုဒီဇင်ဘာကုန်တော့မယ်ဆိုတော့ လာမယ့် ဇန်နဝါရီ ၁၅ ဝန်းကျင်လောက်မှာတော့ အဖြေတစ်ခုပေါ်မယ်လို့ မှန်းဆပါတယ်”လို့ သူက ပြောပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီက တရားဝင်အသိအမှတ်ပြုမှုရဖို့ နိုင်ငံရေးထွက် ပေါက်အနေနဲ့ စစ်အုပ်စုအပေါင်းအပါတွေ ဝင်ပြိုင်မယ့် အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ပြီး အာဏာယူမယ့်လမ်းကြောင်းကို ဆက်သွားနိုင်တယ်လို့ ထောက်ပြကြပါတယ်။

တစ်ဖက်မှာတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့ရဲ့ ခုခံတော်လှန်ရေးတိုက်ပွဲဟာလည်း အရှိန်ကောင်းလာနေပြီး ခြေလျင်စစ်ဆင်ရေးမှာ အရေးနိမ့်လာနေတဲ့ စစ်အုပ်စုကတော့ လေကြောင်းပစ်ကူတွေကို အားကိုးလာနေရတဲ့ အခြေအနေပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ (SAC- Myanmar) ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၇၂ မြို့နယ်ကိုသာ အပြည့်အဝထိန်းချုပ်နိုင်တော့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်တုန်းက ထုတ်ပြန်ထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမလုပ်ဖြစ်ဘူးဆိုရင် တပ်မ တော်ကနေ အာဏာသိမ်းမှုကို အတိအလင်း ကြေညာလာနိုင်တဲ့ အခြေအနေမျိုးမြင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူ့အနေနဲ့ (စကစ) ရွေးကောက်ပွဲမလုပ်ဖြစ်ဘူးဆိုရင်တော့ ဆက်ပြီးတော့ အတိအလင်းအာဏာသိမ်း တော့မယ်ပေါ့၊ အခုတော့ ဖွဲ့စည်းပုံအရ အာဏာထိန်းတယ်ဆိုတဲ့ဘက်မှာ သူကပြောထားပေမယ့် တကယ်တမ်း ရွေးကောက်ပွဲမလုပ်ဖြစ်ဘူး၊ တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်လာမယ်ဆိုရင်တော့ သူ့အနေနဲ့ တပ်မတော်က အာဏာသိမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားမှာပေါ့။ ဖွဲ့စည်းပုံက သူ့ကို အဲဒီလောက်အထိ ရေရှည်ခွင့်ပြုထားတာ မဟုတ်ဘူး။ ဒါကြောင့်မို့ အာဏာထိန်းတာနဲ့ အာဏာ သိမ်းတာ သိပ်တော့မကွာဘူး။ ဒါပေမယ့်လောလောဆယ် ဖွဲ့စည်းပုံအရ တရားဝင်မှုကို လုပ်ထားတဲ့အတွက် ဒီစကားကို (အာဏာထိန်း) သုံးနေတာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ လာမယ့်နှစ် ဩဂုတ်လမှာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အချိုးကျကိုယ်စားပြု PR စနစ် နဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အမြဲလိုလို ပြောဆိုနေတာပါ။

လက်ရှိမှာတော့ စစ်အုပ်စုခြေကုပ်ရယူထားတဲ့ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရန်ကုန်မြို့အပါအဝင် တိုက်ပွဲမရှိတဲ့ တိုင်းနဲ့ပြည်နယ်တစ်ချို့က မြို့ပြတွေမှာမဲစာရင်းကောက်ယူတာတွေနဲ့ မဲရုံတည်နေရာ သတ်မှတ်တာတွေ ပြင်ဆင်လာနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ လာမယ့် ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးကို အဆုံးအ ဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်ထားပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ချေဖျက်မယ်လို့ ပြောဆိုထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်ကတော့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေ အထမမြောက်ဖို့ တော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ အရေးကြီးဆုံးအချိန်ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“အမှန်တော့ လုပ်စရာတစ်ပုံကြီးပဲ တိုင်းရင်းသားတွေက အချင်းချင်းညီညွတ်ဖို့၊ အားလုံးဝိုင်းတိုက်ဖို့ ပထမဆုံးအချက်ပေါ့။ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့၊ ဒါကတော့ အရေးကြီးဆုံးအချက်ပဲ။ အဲဒါတွေမှ မဟုတ်ဘူးဆိုရင်တော့ တော်တော်နဲ့တော့ မလွယ်ဘူးဗျ။ ကျွန်တော်ထင်တာအဓိက အဲဒီအချက်ပဲ” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားပြီး တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ EAO အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေပြီး ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို အသုံးပြုပြီး စစ်ရေးအရှိန်တိုးမြှင့်လာနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ကို လက်နက်မဟုတ်တဲ့ နည်းပညာနဲ့ လူကိုသေစေနိုင်တာ မရှိတဲ့အရာတွေ ထောက်ပံ့ပေးမယ့် အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို သမ္မတဘိုင်ဒင်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုလက်မှတ် ရေးထိုးပြီးဖြစ်ပါတယ်။

အဲဒီဥပဒေကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လာမယ့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ အကူအညီတွေ ရရှိတော့မှာဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ပေါ်လာရင် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ ပိုမိုမြန်ဆန်နိုင်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.