ရေး၊ ဒီဇင်ဘာ (၂၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာမှာ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့လာတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ရေးပြောက်ကျား အဖွဲ့(YGF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြိုးတံတားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ ရေးပြောက်ကျားအဖွဲ့(YGF) ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ၄၀ လောက် ထပ်မံဖြည့်တင်းလာသလို မော်လမြိုင်-ရေးကားလမ်းတလျှောက်မှာလည်း ကင်းပုန်းဝပ်တာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးလာနိုင်ခြေရှိတာကြောင့် စစ်ရေးအသင့်ပြင်ထားတယ်လို့ YGF တာဝန်ရှိသူတစ်ဦးကတော့ ပြောပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြသလို အများစုကဥယျာဉ်ခြံထဲ မသွားရဲကြဘူးလို့ သိရပါတယ်။

ကင်းစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် ထိခိုက်သေဆုံးနိုင်တယ်လို့ PDF ပူးပေါင်းအဖွဲ့က ဆိုထားပါတယ်။

အဲဒီကင်းစခန်းတိုက်ခိုက်မှုမှာ ရေးမြို့နယ်အခြေစိုက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၅၈၈) တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိုးတံတာကျေးရွာနေ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ကြား မကြာခဏဆိုသလို နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေသလို စစ်ကောင်စီဘက်က လုံခြုံရေးအထူး တင်းကျပ်ထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.