ရေး – ဒီဇင်ဘာ(၂၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီလောက်က ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျောင်းရွာကျေးရွာရှိ အထက်တန်းကျောင်းကို ကျောင်းလာပို့ပြီး ပြန်လာတဲ့ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၉၁)တပ်ရင်း စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကား တိုက်ခိုက်ခံရတာကြောင့် ကားအနောက်ခန်းမှာ ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး စစ်ကားကတော့ တပ်ဝင်းအတွင်း မောင်းပြေးသွားတယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီးနောက် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က မွန်ပြည်နယ်အတွင်းမှာ ပိုမိုကောင်းမွန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားတယ်လို့ ပြောပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကား တိုက်ခိုက်ခံလိုက်ရပေမယ့် စစ်ကောင်စီဘက်က ကျေးရွာအတွင်း ဝင်ရောက် စစ်ဆေးတာနဲ့ တပ်အပြင်ထွက် ပစ်ခတ်တာတွေ မရှိဘူးလို့ ဆိုပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း ရေးမြို့အထွက် တူးမြောင်းကျေးရွာအနီးရှိ စစ်ကောင်စီ ခမရ(၅၈၆)တပ်ကို လက်နက်ကြီးနဲ့ သွားရောက် တိုက်ခိုက်ထားပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာရုံးတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.