မော်လမြိုင်၊ ဒီဇင်ဘာ (၂၇)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုမှာ ရိုဟင်ဂျာလူမျိုး ၂၄ ဦးကို စစ်ကောင်စီတပ်ကလာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်က ဦးနိုင်ထွန်းပိုင် ၅ ထပ်တိုက်နေအိမ်မှာ ရိုဟင်ဂျာတွေရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီးနောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ရိုဟင်ဂျာလူမျိုး ကျား ၁၃ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး အများစုက လူငယ်တွေပဲဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ ဘယ်ဒေသက ရောက်ရှိလာလဲဆိုတာ မသိရပေမယ့် ဒီဒေသနေသူတွေမဟုတ်ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာ ၂၄ ဦးကို စစ်ကောင်စီတပ်နဲ့ လဝကအဖွဲ့တွေက ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ချောင်းဝမှာ လှေဝမ်းအတွင်း ခိုအောင်းနေတဲ့ ကလေးသူငယ်တွေအပါအဝင် ရိုဝင်ဂျာ လူမျိုး ၇၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.