ကော့ကရိတ်၊ ဒီဇင်ဘာ (၂၇)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ အာရှလမ်းမကြီးတလျှောက်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး ကော့ကရိတ်မြို့နယ်နဲ့ အာရှလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ အတွဲလိုက်ဒုံးတွေအပြင် လက်နက်ကြီး အဆက်မ ပြတ် ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းထောင်ဖောက်ခွဲမှုတွေကြောင့် တံတား၂ စင်းထိခိုက်ပျက်စီးခဲ့သလို လမ်းပိုင်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တာပါ။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် အာရှလမ်းမကြီးတလျှောက်မှာ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာလို့ မရတာကြောင့် ကုန်စည်စီးဆင်းမှုကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားပြီလို့ နယ်စပ်ကုန် သည်တစ်ဦးက ဆိုပါတယ်။

“သူတို့တွေက ကျော်လို့လည်း မရဘူးလေ။ ကုန်ကားတွေအကုန်လုံးက တန်းစီပြီး တောက်လျှောက်ပိတ် နေတာလေ။ မသိဘဲတက်လာတဲ့အခါကျလို့ရှိရင်လည်း အရင်လိုမဟုတ်ဘဲ တစ်ပတ်လောက်တော့ အကုန်လုံးကသည်းခံပေးရမှာပေါ့။ ဟိုဘက်၊ ဒီဘက်ဆိုတော့လေ။ ဒီလိုမှမဟုတ်ရင် ကုန်တွေက ပိုပြီးတော့ ဆုံးရှုံးကုန်မှာ။ နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားတဲ့သဘောပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် အာရှလမ်းမကြီးတလျှောက်မှာ ပိတ်မိနေတဲ့ ကုန်စိမ်းကားတွေကလည်း ရှေ့ဆက်မသွားနိုင်တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေသလို တချို့ကုန်စိမ်းကားတွေဟာ ကျုံဒိုးနဲ ကော့ကရိတ်မြို့ထဲမှာ ရတဲ့ဈေးနဲ့ရောင်းချနေရတာပါ။

လတ်တလောအခြေအနေမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်မှာ ကုန်တင်ကားတွေ အစီးရေရာနဲ့ချီပိတ်ဆို့ မှုဖြစ်နေပြီး ကားငယ်နဲ့ဆိုင်ကယ်တချို့ကတော့ ထို့ကော်ကိုးလမ်းကနေ သွားလာတာတွေ ရှိနေတယ်လို့သိရပါ တယ်။

နှစ်ဖက်တိုက်ပွဲ ရက်ရှည်ကြာလာပါက ကုန်စည်စီဆင်းမှု လုံးဝနီးပါးရပ်ဆိုင်းသွားနိုင်သလို ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း ဆက်လက် မြင့်တက်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုကြပါတယ်။

ထိုင်းနိုင်ငံဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှ ကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.