ကော့ကရိတ်၊ ဒီဇင်ဘာ (၂၇)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးဝန်းကျင်တစ်ဝိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာအပြင် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ(၆)ရွာက ဒေသခံပြည်သူ (၂၀၀၀)ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူ တွေထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲဟာ ဒီကနေ့ ဒီဇင်ဘာလ(၂၆) ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ်လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေ ကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ်ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူအနည်းဆုံး (၃)ဦးသေဆုံးခဲ့သလို (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေအများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကနေ့စဉ်ဆိုသလို လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကော့ကရိတ် တောင်ပိုင်း ကော့နွဲ့၊ ကျောက်စရစ်ကုန်း၊ တတန်ကူး၊ ရွာသစ်ကုန်း၊ အံကလော်နဲ့ မြို့ဟောင်းကျေးရွာတွေက ဒေသခံပြည်သူ(၂၀၀၀)နီးပါး ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ဆေဝါးအကူအညီတွေ လိုအပ်နေတာပါ။

ကော့ကရိတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်အင်အားအများအပြားအသုံးပြုပြီး စစ်ရေး လှုပ်ရှားနေသလို လေယာဉ်နဲ့ဗုံးကြဲပစ်ခတ်တာ၊ ဟောင်ဝစ်ဇာ၊ အတွဲလိုက်ဒုံးစတဲ့ လက်နက်ကြီးတွေ၊ သံချပ်ကာယာဉ်တွေ အသုံးပြုတိုက်ခိုက်တာတွေ ရှိနေတာဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံတိုးချဲ့လာတာ ကြောင့် တိုက်ပွဲတွေဒီထက်မက ပိုမိုပြင်းထန်လာနိုင်တယ်လို့ KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူတပ်ခွဲ (၁)က တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူးကျော်ဟိန်းက ပြောပါတယ်။

ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းက တံတားတစ်စင်းနဲ့ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းမှာလည်း တံတားတစ်စင်း မိုင်းခွဲခံထိကာ ယာဉ်အသွားအလာတွေလည်း ရပ်တန့်ခဲ့ရပြီး တချို့ကား တွေကတော့ ထို့ကော်ကိုးကနေတစ်ဆင့် သွားနေကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.