ဘန်ကောက် – ဒီဇင်ဘာ(၂၇) 

ထိုင်းနိုင်ငံအတွင်းက တရားမဝင်လက်နက်ရောင်းဝယ်ရေးကွန်ရက်ကို ဝယ်ယူသူတွေဆီမှာ ခြေရာခံဖမ်းဆီးခဲ့ပြီးနောက် လက်လုပ်သေနတ်တွေကို ထုတ်လုပ်ပြီး အင်တာနက်ပေါ်မှာ ရောင်းချနေသူ (၄) ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေက ခိုက်ရန်ဖြစ်ပွားလေ့ရှိတဲ့ အသက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုက ကျောင်းသားတွေရဲ့ ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပြီး သူတို့ဆီက သေနတ်တွေနဲ့ တခြားသော လက်နက်တွေကို သိမ်းဆည်းရမိခဲ့ပြီးနောက် အဲဒီကတဆင့် ရဲတပ်ဖွဲ့ကလူငယ်တွေ ဆီက လက်နက်တွေကို အွန်လိုင်းကဝယ်ယူထားတဲ့ အချက်အလက်တွေရှာတွေ့ပြီးနောက် ဆိုက်ဘာ ရဲတပ်ဖွဲ့ကို အမှုလွှဲပြောင်းပေးခဲ့တာပါ။ 

ပထမဆုံးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ တရားခံ(၄)ဦးထဲက တစ်ဦးရဲ့ အိမ်ကို ဝင်ရှာပြီးနောက် ပစ္စည်းကိရိယာမျိုးစုံအပါအဝင် ဘောပင်နဲ့ ပြုလုပ်ထားတဲ့ အသေးစား သေနတ်တွေကို ဖမ်းဆီး ရမိခဲ့ပြီး လက်နက်တွေ ထုတ်လုပ်ဖို့ ဒုတိယ တရားခံဆီက ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ 

ဒါ့အပြင် ဒုတိယမြောက် တရားခံအိမ်ကို ဝင်စီးနင်းချိန်မှာ သေနတ်တွေနဲ့အတူ တခြား သေနတ် ထုတ်လုပ်ရေး ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့သလို ပြုလုပ်ပြီးစ သေနတ်တွေနဲ့ ကျည်ဆံ အတောင့် (၆၀၀) ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

ခွင့်ပြုချက်မရှိဘဲ သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေကို ရောင်းချသူ(၄) ဦးလုံးကို သေနတ်၊ခဲယမ်း မီးကျောက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ မီးရှုးမီးပန်းတွေနဲ့ လက်နက်တွေနဲ့ လက်နက်တွေ ခိုးထုတ်တဲ့ အက်ဥပဒေ (၁၉၄၇) ရဲ့ အခန်း (၂၄)နဲ့ (၇၃) ကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအတွင်းမှာ သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေကို ခွင့်ပြုချက်မရှိဘဲ ရောင်းချမယ်ဆိုရင် ထောင်ဒဏ်(၂) နှစ်ကနေ အနှစ်(၂၀) အထိ ကျခံရနိုင်သလို ဒဏ်ကြေးငွေအဖြစ် ဘတ်ငွေ (၄၀၀၀) ကနေ (၄၀၀၀၀) အထိ ပေးဆောင်ရဖို့ ရှိတယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့နဲ့ ပြောဆိုချက်အရ အွန်လိုင်းအရောင်းကွန်ရက်က သေနတ်ဝယ်ယူထားသူတွေကို ခြေရာခံရှာဖွေနေပြီး တရားမဝင်တဲ့အတွက် သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

ဖမ်းဆီးခံထားရသူ(၄) ဦးဆီက တရားမဝင် လက်နက် ဝယ်ယူသူတွေ အများစုက နည်းပညာ ကောလိပ် ကျောင်းသား/ကျောင်းသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါသေးတယ်။​

Ref:Thethaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.