မော်လမြိုင်၊ ဒီဇင်ဘာ (၂၂)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လက်ရှိ တည်ရှိနေတဲ့ လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ဖို့ စီမံဆောင် ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ခေါင်ဆောင်က လက်ရှိ မော်လမြိုင်လေယာဉ်ကွင်းဟာ မြို့နဲ့ နီးကပ်နေတာ၊ တက္ကသိုလ်နဲ့နီးကပ် နေတာ ကြောင့် ခေါက်ရေ တိုးချဲ့ပြေးဆွဲဖို့ ကန့်သတ်ချက်ရှိသလို လေယာဉ်ပြေးလမ်းတိုးချဲ့ဖို့ အတွက်လည်း ကန့်သတ်ချက်ရှိတာကြောင့် နေရာအသစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်တဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ်အမျိုးအစားအားလုံး ဆင်းသက်နိုင်တဲ့ အဆင့်မီ လေယာဉ်ကွင်း တစ်ခု တည်ဆောက်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့က လာရောက်တဲ့ သူရဲ့ မော်လမြိုင်ခရီးစဉ်မှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်ဆောင်က မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ဘယ်နေ ရာကို ပြောင်းရွှေ့မှာနဲ့ ဘယ်တော့လောက် စတင်အကောင်အထည် ဖော်ဆောင်ရွက်မယ်ဆိုတာကိုတော့ ထုတ် ဖော်ပြောဆိုသွားတာ မရှိပါဘူး။

တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတကာ အဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ ကော့ပရံကျေး ရွာအနီးမှာ တည်ဆောက်ဖို့ လျာထားသလို အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုတော့ ပင်လယ် ထွက်ပေါက်နဲ့ နီးတဲ့ ဘလောက်ညောင်းဝိုင်းနဲ့ ဝဲကလိ ကျေးရွာကြားမှာ တည်ဆောက်ဖို့ မြေနေရာ သတ်မှတ်ထားတာ ဖြစ်ပါ တယ်။

အဲဒီစီမံကိန်းအတွက် မြေယာလျော်ကြေးတွေကို ၃ လအတွင်း အပြီး ပေးချေးသွားမယ်လို့ မွန်ပြည်နယ် ကောင် စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

နိုင်ငံတကာ အဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်း အတွက် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟို ကော်မတီကို ပြီးခဲ့ တဲ့နှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် လွှတ်တော် ကိုယ်စားပြု ကော်မတီကတော့ စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စု ကောင်းစားရေး အာဏာရှင် စီမံကိန်း မျှသာ ဖြစ်သလို တရားဝင် အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာ သိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်း လက်လွှဲ ပြုလုပ်တာတွေ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် (၁၁)ရက်နေ့မှာ ကြေ ညာထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.