ကွာလာလမ်ပူ၊ ဒီဇင်ဘာ(၁၇)

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့အနီးက  ဆီလန်ဂေါပြည်နယ် အပန်းဖြေစခန်းချရာတောင်ကုန်း တစ်ခုက အော်ဂဲနစ်စိုက်ခင်းတစ်ခုအတွင်း မြေပြိုကျလို့ လူပေါင်းတစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူတွေအများပြားရှိနေပါတယ်။

မြေပြိုကျမှုဟာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ကွာလာလမ်ပူရဲ့မြောက်ဘက် ကီလိုမီတာ 50 (မိုင် ၃၀ခန့်)အကွာမှာရှိတဲ့ ဆီနီဂေါပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ရေတံခွန်တွေနဲ့ သဘာဝအလှတရားတွေကြောင့် လူသိများတဲ့ Genting Highlands ရဲ့ တစ်ဖက်မှာရှိတဲ့ ဘတ်တန်မြို့မှာ ဖြစ်ခဲ့တာပါ။

လက်ရှိမှာ မြေပြိုမှုဖြစ်စဉ်ကနေ လူ ၉၀ ကျော်ကယ်ဆယ်ထားပြီး ၅၉ ဦးဟာ အခြေအနေကောင်းမွန်နေကာ ၂၂ ဦးကတော့ ပျောက်ဆုံးနေသလို လူရှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ဆီနီဂေါ ပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ မြေပြိုကျမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ခရိုင်ရဲချုပ် ဆာဖီရန်အဘတ်ဒူလာ ကတော့ သေဆုံးသူအားလုံးဟာ မလေးရှားနိုင်ငံသားတွေဖြစ်ပြီး အသက်( ၅ )နှစ်အရွယ်ခန့် ကလေးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရှာဖွေရေးအဖွဲ့တွေက ရွှံ့နွံထူထပ်တဲ့မြေမှာပေါက်နေတဲ့ သစ်ပင်တွေကို ခုတ်လှဲကာ ပျောက်ဆုံးနေဆဲ လူ ၂၀ ကျော်ကို ရှာဖွေနေတယ်လို့ လည်းသိရပါတယ်။

ဒီမြေပြိုကျမှုကိုကြုံတွေ့ခဲ့ရတဲ့ အသက် (၂၂)အရွယ် အမျိုးသမီးတစ်ဦးက “မိုးခြိမ်းသံလိုကျယ်တဲ့ အသံကို ကြားလိုက်ရပြီးတဲ့နောက် ကျောက်တုံးတွေပြိုကျခဲ့တယ်။ တဲတွေလှုပ်ခါလာပြီး မြေတွေပဲ့ ကျလာ တယ်။ ကံကောင်းလို့ အမေနဲ့ ကျွန်မ တဲထဲက လေးဘက်ထောက်ထွက်လာနိုင်ခဲ့ပြီး လွတ်လာတာ” လို့ ဆိုပါတယ်။

သူမတို့သားအမိဟာ အခြားသူ ၄၀လောက်နဲ့အတူ အဲဒီနေရာမှာ စခန်းချနေခဲ့တာလို့လည်း သိရပါ တယ်။

ဆေးရုံတင်ထားရသူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ဦးပါဝင်နေပြီး အများစုမှာ ပြတ်ရှဒဏ်ရာတွေရနိုင်ဖွယ်ရှိ နေပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအေဂျင်စီများစွာမှ လူ ၄၀၀ နီးပါးကို တပ်ဖြန့်ချထားပြီး ရှာဖွေကယ်ဆယ် ရေးတွေ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး ဇာလီဟာမူစတာဖတ်က သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြေပြိုမှုဟာ စခန်းချရာနေရာ အထက်မီတာ ၃၀ (ပေ ၁၀၀ခန့်) ကနေစတင်ဖြစ်ပွားခဲ့ပြီး ဧရိယာ တစ်ဧက (ဝ.၄ ဟက်တာခန့်)အထိ ဖြစ်ပွားခဲ့တယ်လို့ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ပြည်နယ် ညွှန်ကြားရေးမှူးက ပြောခဲ့ပါ တယ်။

မလေးရှား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး နစ်နက်ဇ်မီ နစ်အာ မက်က အခင်းဖြစ်နေရာကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် “ပျောက်ဆုံးနေသူတွေကို မကြာခင် ဘေးကင်း စွာ ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဘတ်တန်ကယ်လီ အနီးတစ်ဝိုက်ရှိ စခန်းချနေရာတွေနဲ့ အပန်းဖြေနေရာတွေ အားလုံးကို  ထပ်မံသတိပေးချက်မရသေးမီအထိ ချက်ချင်းပိတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ဆီလန်ဂေါပြည်နယ်ဟာ မလေးရှားနိုင်ငံမှာ အချမ်းသာဆုံးပြည်နယ်ဖြစ်ပြီး ယခင်က သစ်တောနဲ့ မြေယာ ရှင်းလင်းမှုတွေ အများအပြားလုပ်ဆောင်ခဲ့တာကြောင့် မြေပြိုမှုတွေ မကြာခဏဖြစ်ပွား ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။

Ref;Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.