မော်လမြိုင်၊ ဒီဇင်ဘာ(၁၅)

အိန္ဒိယနိုင်ငံက ပဲအဝယ်လိုက်နေတာကြောင့် မွန်ပြည်နယ်မတ်ပဲဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ်ပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ပထမပတ်က (၂၀)ပိဿာတစ်တင်းကို ကျပ် (၅၅၀၀၀) ဝန်းကျင်သာရှိရာကနေ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ တစ်တင်းကိုကျပ်(၅၈၀၀၀) ဝန်းကျင်ထိ ဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မတ်ပဲဈေးနှုန်းဟာ ပဲပေါ်ကာလဖြစ်တဲ့ မတ်လတုန်းကဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တစ်တင်းကိုကျပ်၂၀,၀၀၀ ကျော်ထိ ဈေးနှုန်းထပ်မံမြင့်တက်လာခဲ့တာပါ။

မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်လာပေမယ့် အခုကာလဟာ ပဲစိုက်ပျိုးချိန်ဖြစ်တဲ့အတွက် ဈေးကွက်အ တွင်း လက်ကျန်ပဲမရှိတော့ဘူးလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

“အိန္ဒိယက ဝယ်တယ်လေဗျ၊ ဝယ်လိုအားနည်းနည်းများလို့ ဖြစ်မှာပေါ့။ ပြန်တက်တဲ့ အတိုင်းအတာကလိုအပ်ချက်ရှိလို့ ဈေးပြန်ပေးတဲ့ပုံဖြစ်တာပေါ့။ မတ်ပဲဆိုလည်း ကိုယ့်ဒေသမှာ မတ်ပဲမရှိတော့ဘူးပေါ့။ တို့လှောင်ထားတဲ့ ပဲတွေရောင်းလိုက်ပြီပေါ့။ တို့ဒေသမှာ ပဲအထွက်မရှိတော့ဘူးဒီအချိန်မှာ။ တို့လည်း အခုမှစစိုက်တာ မော်လမြိုင်မှာလေ”လို့ ဆိုပါတယ်။

ဒေသထွက် မတ်ပဲတွေဟာဆိုရင် မိုးစပါးစိုက်ပျိုးပြီးမှ ဆောင်းရာသီ သီးနှံအနေနဲ့ စိုက်ပျိုးကြတာကြောင့် တောင်သူတွေလက်ထဲ မတ်ပဲလက်ကျန်မရှိတော့သလို ကုန်သည်တချို့မှာလည်း လက်ကျန်ပဲ အနည်းငယ်လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။

မတ်ပဲဈေးနှုန်းဟာ ပြည်ပဝယ်လိုအား မြင့်တက်ပြီး လက်ကျန်နည်းလာတာကြောင့် ဈေးနှုန်းမြင့်တက်လာပေမယ့် မတ်ပဲအသစ်ပြန်လည်ထွက်ရှိချိန်မှာတော့ ဈေးနှုန်းပြန်လည်ကျဆင်းလာနိုင်တယ်လို့ ပဲလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ဒါပေမယ့် တောင်သူတွေကတော့ မတ်ပဲစိုက်ပျိုးစဉ်က သွင်းအားစုနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ခံစားခဲ့ရပြီး လက်ထဲမှာ မတ်ပဲလက်ကျန်မရှိတဲ့အချိန်မှ ဈေးနှုန်း ပြန်လည်မြင့်တက်လာတာကြောင့် အကျိုးအမြတ်မရှိကြဘူးလို့ ဆိုကြပါတယ်။

ဒေသထွက် မတ်ပဲအပါအဝင် ပဲအမျိုးမျိုးကိုတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက အဓိကဝယ်ယူနေတာ ဖြစ်ပြီး ပါကစ္စတန်၊ နီပေါ၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကလည်း မှာယူတင်သွင်းတာတွေ ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နဲ့ ပဲတီစိမ်း ရွှေဝါတွေကို အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးဧကအနေနဲ့ (၁၇၀,၀၀၀)ကျော်ရှိကာ နှစ်စဉ်မတ်ပဲအပါအဝင် ပဲမျိုးစုံတန်ချိန် (၂၀,၀၀၀) ဝန်းကျင် ထွက်ရှိနေတယ်လို့ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.