ရန်ကုန်၊ ဒီဇင်ဘာ (၁၃)

NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs ၇ ဖွဲ့ရဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုကို အဆင်သင့်မဖြစ်သေးကြောင်း စစ်ကောင်စီဘက်က အကြောင်းပြန်လာတယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ EAOs ၇ ဖွဲ့ဟာ စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံ ကမ်းလှမ်းစာပေးပို့ခဲ့တာပါ။

အဲဒီကမ်းလှမ်းစာမှာတော့ လာမယ့်ဒီဇင်ဘာ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တစ်ဖက်ကိုယ် စားလှယ်အနည်းငယ်နဲ့ ကနဦး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို သိုသိပ်စွာစတင်မယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၅ ကနေ ၁၇ ရက်နေ့တွေမှာ တောင်ကြီးမြို့ ဒါမှမဟုတ် မော်လမြိုင်မြို့မှာ နှစ်ဖက်ကိုယ်စား လှယ်စုံညီစွာ အလွတ်သဘောတွေ့ဆုံပြီး နှစ်ဖက်သဘောထားတွေ ညှိနှိုင်းဆွေးနွေးကြမယ်လို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၀ ကနေ ၂၁ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ကာ ဆက်လက်ညှိနှိုင်းဆွေးနွေးပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေကို သင့်တော်တဲ့နေရာနဲ့ အချိန်မှာ စုပေါင်းတရားဝင် လက်မှတ်ရေးထိုးတာတွေ ပြုလုပ်ဖို့ကမ်းလှမ်းထားတာပါ။

ကမ်းလှမ်းစာအပေါ် အပြန်အလှန်အသိအမှတ်ပြုမှုတွေရှိပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) အနေနဲ့ အလွတ်သဘောတွေ့ဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အကြောင်းပြန်ထားကြောင်း ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။

“တစ်နိုင်ငံလုံး ရင်ဆိုင်နေရတဲ့ အခက်အခဲရှိသလို ကျွန်တော်တို့ EAOs ဘက်မှာလည်း အခက်အခဲတွေ ရှိတယ်။ ထိုနည်းတူ NSPNC ဘက်မှာလည်း လုပ်ငန်းအခြေအနေကြောင့်သော်လည်းကောင်း၊ နိုင်ငံ ရေးအခြေအနေကြောင့်သော်လည်းကောင်း၊ လက်ရှိ အခြေအနေအမျိုးမျိုးကြောင့်သော်လည်းကောင်း ဒီလိုမျိုးရက်တိုကာလအတွင်းမှာ တစ်ဖက်ကအဆိုပြုတဲ့အတိုင်း ၁၂ ရက်နေ့မှာ တွေ့ဆုံဖို့ဆိုတာတော့ သူတို့ဘက်ကလည်း အဆင်သင့်မဖြစ်သေးဘူးဆိုတာ ကျွန်တော်တို့ကို သဘောထားတုံ့ပြန်မှုတွေ ရှိပါတယ်” လို့ သူကဆိုပါတယ်။

အပစ်ရပ် EAOs ၇ ဖွဲ့နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) တို့ လောလောဆယ်မှာ ဘယ်အချိန်၊ ဘယ်ရက်၊ ဘယ်နေရာတွေမှာ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်အတည်ပြုထားတာ မရှိသေးဘဲ အလွတ်သဘောအရ နှစ်ဖက်သဘောတူညီချက်နဲ့ ညှိနှိုင်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အပစ်ရပ် ၇ ဖွဲ့ကတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေရရှိနိုင်ရေး အလွတ်သဘောတွေ့ဆုံဆွေး နွေးနိုင်ဖို့ အဆိုပြုခဲ့တာလို့ ကမ်းလှမ်းစာမှာ ဖော်ပြထားတာပါ။

အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကလည်း စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းမှုဟာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အခင်းအကျင်းတစ်ခုရယူဖို့ ကြိုးပမ်းတာလို့ သံလွင်တိုင်မ်းကို ပြောဆိုထားပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ EAO (၇) ဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ(NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ပါဝင်ပါတယ်။

အဲဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs ၇ ဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးထားတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.