ရုရှားနဲ့ အီရန်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်သတိပေး

မော်စကို – ဒီဇင်ဘာ(၁၁) 

ယူကရိန်းကျူးကျော်မှုကို ထောက်ပံ့ဖို့ အီရန်က ဒရုန်းတွေ ပံ့ပိုးပေးနေတာနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်လာစေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေအပါအဝင် အီရန်ကို အဆင့်မြင့်စစ်ရေးအကူ အညီတွေပေးဖို့ ရုရှားက ကမ်းလှမ်းနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ 

ရုရှား-အီရန် ဆက်ဆံရေးကို ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖြစ် ပြောင်းလဲပေးနေတဲ့ စစ်ရေးနဲ့ နည်းပညာဆိုင်ရာ မကြုံစဖူး ပံ့ပိုးကူညီမှု အဆင့်ကို ကမ်းလှမ်နေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက ဆိုခဲ့တာပါ။ 

ယူကရိန်းကျူးကျော်စစ်အတွက် ရုရှားမှာ မောင်းသူမဲ့လေယာဉ် တပ်ဆင်ရေး လမ်းကြောင်း တစ်ခုထူထောင်ဖို့ စီစဉ်နေပြီး ရုရှားက အီရန်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။ 

“ဒီတိုက်လေယာဉ်တွေဟာ ဒေသတွင်း အိမ်နီးချင်းတွေနဲ့ နှိုင်းယှဉ်ရင် အီရန်ရဲ့ လေတပ်ကို သိသိသာသာ အားကောင်းစေမှာပါ” လို့ သူက ပြောခဲ့ပါတယ်။ 

လက်နက်လွှဲပြောင်းမှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက် သလို ဒီလှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့နဲ့ နှောင့်ယှက်ဖို့ အမေရိကန်က ကိုင်တွယ် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ခါဘီက ပြောပါသေးတယ်။ 

ရုရှားနဲ့ အီရန်တို့ကြားက ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘိုင်ဒန် အစိုးရက ရုရှားကျူးကျော်စစ်ကို အီရန်က ကူညီပေးနေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲနေချိန် ဒီစိုးရိမ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

အီရန်ကို ရုရှားက စစ်ရေးနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုအပါအဝင် ရာချီတဲ့ ပဲ့ထိန်းဒုံး တွေအပါအဝင် အီရန်ဆီက လက်နက်တွေ ပိုမိုရရှိဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်နိုင်ငံ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

“အီရန်ရဲ့ လက်နက်စွမ်းရည်ကို အားကောင်းစေမယ့် ပိုအဆင့်မြင့်တဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ရုရှားက ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာကြောင့် ကျွန်ုပ်တို့ စိုးရိမ်မိ ပါတယ်၊ ဒါကြောင့် ရုရှားရဲ့ ထောက်ပံ့မှုနဲ့ ပတ်သက်တဲ့ အမှန်တရားကို ဖော်ထုတ်ပြီး ကုလသမဂ္ဂက အမြန်ဆုံးစုံစမ်းစစ်ဆေးဖို့ အရေးကြီးတယ်” လို့ သူမက ပြောခဲ့ပါတယ်။ 

ယူကရိန်းကို အနောက်နိုင်ငံတွေက လက်နက်တွေ ဖြန့်ချပေးမှုနဲ့ ပတ်သက်ပြီး သက်ရောက် မှုအကျိုးဆက်ကို အကဲဖြတ်ဖို့ ရုရှားက တောင်းဆိုတဲ့ ကုလလုံခြုံရေးကောင်စီအစည်း အဝေးမှာ ရုရှားသံအမတ်ကြီး က အီရန်ဆီက လက်နက်တွေယူထားတာမရှိဘူးလို့ ငြင်းဆို ထားပါတယ်။ 

“ရုရှားရှိ စစ်ဘက်ဆိုင်ရာ စက်မှုဇုန်ဟာ မည်သူတစ်ဦးတစ်ယောက်၏ အကူအညီကိုမျှ မလိုအပ်ဘဲ ပြီးပြည့်စုံစွာ အလုပ်လုပ်နိုင်ပေမယ့် ယူကရိန်းမှာတော့ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းသည် အခြေခံအားဖြင့် မရှိသည့်အပြင် အနောက်နိုင်ငံများမှ ကုမ္ပဏီများ၏ အကူအညီကိုယူနေရတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် အီရန်က ပြီးခဲ့တဲ့ နွေရာသီမှာ တိုက်ခိုက်ရေး ဒရုန်းရာနဲ့ချီပြီး ရုရှားဆီ ရောင်းချထားတာရှိတယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။ 

ဒါ့အပြင် ရုရှားက အမြောက်ကျည်တွေအတွက် မြောက်ကိုရီးယားဘက်ကို လှည့်နေတာ ရှိသေးတယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပြီး ဒီစွပ်စွဲချက်တွေကိုတော့ မြောက်ကိုရီးယား ဘက်က ငြင်းဆိုထားပါတယ်။ 

အိမ်ဖြူတော်က နိုင်ငံတကာဇာတ်ခုံမှာ အထီးကျန်နေတဲ့ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် ရုရှားရဲ့ မှီခိုအားထားမှုကို အကြိမ်ကြိမ်ထုတ်ဖော်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

Ref: France24

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.