ဖနွမ်းပင် – ဒီဇင်ဘာ(၈)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန် ဟာဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတက်ရောက်ရမှာဖြစ်တဲ့အတွက် မြန်မာပြည်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်(၅) ချက်ကို အကောင်အထည်မဖော်တာနဲ့ တက္ကသိုလ် ကျောင်းသား(၇) ဦးကို သေဒဏ်ချမှတ်ခံခဲ့တာတွေနဲ့ပတ်သက်ပြီး ဒီခရီးစဉ် ဖြစ်မြောက်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောဆိုထားတာပါ။
နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်ဟာ ဘရပ်ဆဲလ်မှာ ဒီဇင်ဘာလ(၁၄) ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ-အီးယူ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် လူဝီဒေးဗစ်က ပြောပါတယ်။
“အချိန်ကတိုလွန်းတဲ့အတွက် မြန်မာနိုင်ငံကို တတိယအကြိမ်လာရောက်လည်ပတ်ဖို့ မဖြစ်နိုင်ဘဲ နောက်နှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်မယ့် အင်ဒိုနီးရှားအတွက် ဒီအခွင့်အရေးကို ချန်ထား ခဲ့မှာပါ၊ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်း နေပြီး ဒီနိုင်ငံရေးအကျပ်အတည်းမှာ ကျွန်တော်တို့ အများကြီး အားထုတ်ထားပြီးသားပါ” လို့ ဒေးဗစ်က ပြောခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ချိန်မှာ တိုးတက်မှု ပြနိုင်ရင် မြန်မာအကျပ်အတည်းအတွက် တတိယအကြိမ်သွားရောက်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွန်ဆောင်ရီက ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၇) ရက်နေ့ က ခမာတိုင်းမ် သတင်းဌာနကို ပြောထားပါတယ်။
အာဆီယံကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး ပဋိပက္ခမှာ ပါဝင်ပတ်သက် နေတဲ့ အစုအဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးတယ်လို့ Asian Vision Institute (AVI) က Center for Strategic Studies ရဲ့သုတေသနပညာရှင် မန်ဒေးဗစ်က မှတ်ချက်ပြုထားပါတယ်။
လက်ရှိမှာတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဥက္ကဋ္ဌ တာဝန်ပြီးဆုံးဖို့ အချိန်အနည်းငယ် ကျန်နေသေးပြီး ဘုံသဘောတူညီချက် (၅) ချက်ကို တိုးတက်မှုပြသဖို့ စစ်ကောင်စီက တုံ့ဆိုင်းနေတာဟာ အာဆီယံ အထူးသံတမန်အတွက် ခက်ခဲစေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်အကယ်ဒမီ နိုင်ငံတကာဆက်ဆံရေး အင်စတီကျူ ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။
“မြန်မာ့စစ်ခေါင်းဆောင်တွေက ဒီကိစ္စကို ဖြေရှင်းဖို့ အမှန်တကယ် ဆန္ဒမရှိတဲ့အပြင် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကို မကြိုဆိုတဲ့အတွက် ပရက်ဆော့ခွန်ရဲ့ ခရီးစဉ်ဟာ အကျိုးမရှိဘဲ အပြုသဘောဆောင်တာ မဟုတ်ဘူး။ သူတို့က သဘောတူညီမှု အချက်ငါးချက်ကို အကောင်အထည် မဖော်ဘဲ အကြံပြုချက်တွေကိုလည်း နားမထောင်ခဲ့ဘူး” လို့ ပြောခဲ့တာပါ။
ဒါ့အပြင် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်ဖို့ အာဆီယံ ကိုယ်စားလှယ်တွေကို ကြိုဆိုချိန်မှာ လည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မရိုးမသားလုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသတာဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်ကန့်ကွပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လေးဦးကို ကြိုးဆွဲချ ကွပ်မျက်ခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့ ကလည်း တက္ကသိုလ်ကျောင်းသား (၇) ဦးကို သေဒဏ်ချမှတ်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း (၂၅၀၀) ကျော်ဟာ အကြမ်းဖက် သတ်ဖြတ်ခံထားရသလို စစ်တပ်လက်အောက်ခံ တရားသူကြီးတွေကလည်း ပြည်သူတွေကို ခြိမ်းခြောက်ဖို့ သေဒဏ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဖြစ်ပါတယ်။
Ref: Khmer Times