တနင်္သာရီ၊ ဒီဇင်ဘာ(၈)

စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုရဲ့ ဖောင်တောကြီး ရေအားလျှပ်စစ်စီမံကိန်း ကွင်းဆင်းသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူပေးတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူတဲ့ တပ်အင်အား ၃၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို သရက်ငုတ်ကျေးရွာ အရောက်မှာ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့တယ်လို့ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ဘက်က PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖောင်တောကြီး ရေအားလျှပ်စစ်စီမံကိန်း လာရောက်တဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းလုံခြုံရေး ဆက်ယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝန်ကြီးချုပ် လမ်းကြောင်းလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ ဝကုန်းကျေးရွာက ဒေသခံတွေ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ဟာ ပြီးခဲ့တဲ့လဆန်းကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာသလို အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.