ကော်သူးလေ၊ ဒီဇင်ဘာ(၇)
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ နိုဝင်ဘာလတစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် အရပ်သား(၁၂)ဦး သေဆုံးခဲ့ပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ပြုလုပ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ်တွေ နေ့စဉ်ဖြစ်ပွားလျက်ရှိတာပါ။
KNU သထုံခရိုင် တပ်မဟာ(၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)၊ ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)တွေမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအပေါ် လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ မိုင်းထောင်တာ၊ အကြောင်းမဲ့သတ်ဖြတ်တာတွေကြောင့် အရပ်သား(၁၂)ဦးသေဆုံးပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ဒီလို စစ်ကောင်စီတပ်ရဲ့ လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံနေအိမ်ပေါင်း(၈၀)ကျော်နဲ့ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးခန်းတွေ ထိခိုက်ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ ပြည်သူလူထုပိုင် ပစ္စည်းနဲ့ငွေကြေးတွေကို အဓမ္မယူ ဆောင်ခဲ့သလို ပြည်သူလူထုအပေါ်ကိုလည်း အဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။
နိုဝင်ဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ်(၃၀၀)နီးပါး ဖြစ်ခဲ့ရာ စစ်ကောင်စီနဲ့ BGF ဘက်က (၃၃၃)ဦးသေဆုံးပြီး (၂၃၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရမိတာရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လက်နက်နဲ့တကွ KNU အဖွဲ့ထံ အလင်းဝင်ရောက်လာတာတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတစ်လတာတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ဘက်က (၃၀)ဦး ကျဆုံးခဲ့ရပြီး (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်