ရန်ကုန်၊ ဒီဇင်ဘာ(၇)
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း လျှပ်စစ်မီးပြတ်ချိန် နာရီနဲ့ချီကြာမြင့်လာတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လျှပ်စစ်မီးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ မြို့နယ်တွေကတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအလိုက် သုံးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးခဲ့တာပါ။
ဒါပေမယ့် အခုအခါမှာတော့ လျှပ်စစ်မီးပေးချိန် မှန်ကန်မှုမရှိတော့သလို လျှပ်စစ်မီး ပြတ်တောက်ချိန်ဟာ ၂၄ နာရီမှာ နာရီ ၂၀ နီးပါး ကြာမြင့်ပြီး တစ်ရက်ကို ၄ နာရီလောက်သာ လျှပ်စစ်မီး ရရှိတော့တာ ဖြစ်ပါတယ်။
အခုလိုလျှပ်စစ်မီးရရှိမှု အချိန်မမှန်တာနဲ့ နာရီပိုင်းသာရရှိတဲ့အတွက် ချက်ပြုတ်ရာမှာ အခက်အခဲဖြစ်သလို လုပ်ငန်းခွင်မှာလည်း လုံးဝရပ်နားရတဲ့အထိ ဖြစ်သွားတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
“ထမင်းဟင်းချက်တာကအစ ထင်းနဲ့ချက်ရတယ်၊ အရင်တုန်းကဆို မီးလာရင် ပေါင်းအိုးနဲ့ ချက်လို့ရတာပေါ့။ အခုက ထင်းမီးနဲ့ချက်တာဆိုတော့ သေချာကြည့်ရတယ်၊ အလုပ်ပိုများလာတာပေါ့။ နောက်ပြီးတော့ ရေတင်တာကအစ မရဘူး။ ညဘက်ဆိုရင်လည်း ရေနံဆီမီးခွက်နဲ့ သုံးရတာပေါ့။ အစစအရာရာ ပိုပြီးခက်ခဲလာတယ်။ မီးကြောင့် အလုပ်နှောင့်နှေးတာတွေ၊ ကွန်ပျူတာနဲ့ ပတ်သက်တဲ့အလုပ်ဆို လုံးဝရပ်နားရတဲ့အထိ ဖြစ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနကတော့ လျှပ်စစ်မီတာခတွေကို အတင်း အကြပ် ဖိအားပေးပြီး လိုက်လံကောက်ယူနေပေမယ့် လျှပ်စစ်မီးကိုတော့ အချိန်မှန်မှန်မပေးနိုင်တဲ့အပြင် မကြာခဏ ဖြတ်တောက်နေတာပါ။
အွန်လိုင်းကနေ သင်တန်းတက်နေရတဲ့ လူငယ်တစ်ဦးကလည်း သတ်မှတ်ချိန်အတွင်း လျှပ်စစ်မီးမရရှိတဲ့အတွက် သင်တန်းချိန်လွတ်သွားတာရှိသလို ဖုန်းဘေလ်နဲ့ အင်တာနက်သုံးရတဲ့အတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။
“မနက်ပိုင်း သုံးနာရီအပြည့်လာရချိန်မှာ ကိုယ်က သင်တန်းတက်ဖို့ ချိန်လိုက်ပြီ။ ထိုင်ရုံပဲ ရှိသေးတယ်၊ မီးက ဖတ်ကခနဲ့ သေသွားရော။ ပြန်မလာတော့ဘူး။ တော်တော်ကြာမှ တစ်ချက်လာ၊ သူတို့ လွှတ်တဲ့ ဝန်အားမနိုင်တဲ့အခါကျတော့ ပြန်သေ။ တစ်ချို့ သင်တန်းတွေကို ပြီးတောင် ပြီးသွားတယ်၊ ကိုယ်က ဘာမှ မတက်လိုက်ရဘူး။ မဖြစ်မနေ တက်ရတဲ့သင်တန်းကျတော့လည်း ပိုက်ဆံကုန်တယ်၊ ဖုန်းဘေလ်တွေဝယ်ထည့်ပြီးမှ တက်ရတဲ့အတွက် အဆင်မပြေဘူး” လို့ သူက ဆိုပါတယ်။
လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတဲ့ဒဏ်ကို အငယ်စား၊ အသေးစား၊ အလတ်စား MSME လုပ်ငန်းတွေမှာပါ အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။
MSME လုပ်ငန်းတွေ လျှပ်စစ်မီးမမှန်တာကြောင့် မီးစက်ကို အဓိက အသုံးပြုလာရတဲ့အတွက် အထွေ ထွေကုန်ကျစရိတ် ပိုမိုကြီးမြင့်လာလို့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေရတာပါ။
လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတဲ့အတွက် MSME လုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အသေးစားအထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက အခုလိုပဲ ပြောပါတယ်။
“မီးစက်ကို အချိန်အကြာကြီး နှိုးရတာဖြစ်တဲ့အတွက် မီးစက်ရဲ့ ပြင်ဆင်စရိတ်တက်တယ်။ မီးစက်ပျက်လို့ ပြင်ရတာတွေကြောင့် ကျွန်တော်တို့ အလုပ်က နှောင့်နှေးပြန်ရော။ တစ်ခါ ဆီဖိုးကလည်း တော် တော်လေး အထိနာတယ်။ တစ်ချို့ရက်တွေဆို လျှပ်စစ်မီး တစ်နေ့လုံး မလာတဲ့ရက်တွေတောင်ရှိတယ်။အဲဒီလိုရက်တွေဆို အချိန်ပြည့်ကို မီးစက်နှိုးလိုက်ရတဲ့အတွက် တစ်နေ့လုံးရဲ့ အမြတ်က မီးစက်ဆီ ရောက်သွားတာ”လို့ အသေးစားအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံရေးအပြောင်းအလဲတွေ စတင်ချိန်ကစပြီး ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ မဟာဓာတ်အားလိုင်းတာဝါ ၄၈ တိုင်နဲ့ ဖြန့်ဖြူးရေးလိုင်း ၄၉ တိုင်တို့ကို လက်နက်ကိုင်အဖွဲ့ဝင်တွေက ဖောက် ခွဲဖျက်ဆီးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဝါဒဖြန့်သတင်းစာကနေ ထုတ်ပြန်ပါတယ်။
အဲဒီအတွက်ကြောင့် နိုင်ငံတော်ဓာတ်အားစနစ်ကို ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အား (၁၆၀) မဂ္ဂါဝပ်ခန့်လျော့နည်းခဲ့ပြီး အချို့နေရာတွေမှာ ပြုပြင်တာမပြီးသေးတဲ့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှု မရှိသေးတာကို ကြုံတွေ့နေရတာလို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အကြောင်းပြပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးအတွင်း ပညာရေး၊ကျန်းမာရေး၊စီးပွားရေး စတဲ့ ကဏ္ဍတွေ ပျက်စီးယိုယွင်းလာနေပြီး ကျပ်ငွေဖောင်းပွမှုဒဏ်ကြောင့် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကို ပြည်သူတွေ အလူးအလဲ ခံနေကြရတာပါ။
စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲတွေနဲ့ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အတွက် ချက်ပြုတ်ရာမှာ ထင်း၊မီးသွေးနဲ့ ဂတ်စ်တွေကို ပြောင်းလဲအသုံးပြုလာရသလို လုပ်ငန်းပိုင်းတွေမှာလည်း မီးစက်တွေကို ဝယ်ယူအသုံးပြုနေရတဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေ ထပ်မံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်