နယူးဒေလီ၊ ဒီဇင်ဘာ(၇)
အိန္ဒိယအစိုးရဟာ ကိုယ်ပိုင်လောင်စာဆီလိုအပ်ချက်တွေကို ဦးစားပေးစဉ်းစားပြီး ရုရှားထံမှ လောင်စာဆီ ဆက်လက်ဝယ်ယူမှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
အလည်အပတ်ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူဘရာ မန်ယန် ဂျာရီရှန်ကာက အခုလိုမှတ်ချက်ပြုလိုက်တာပါ။
ဥရောပသမဂ္ဂနဲ့ အဓိကစက်မှုနိုင်ငံခုနစ်နိုင်ငံအုပ်စုတို့က သတ်မှတ်ထားတဲ့ ရုရှားရေနံ တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းထားကို အိန္ဒိယဟာ အခုချိန်အထိတော့ လက်ခံဆုံးဖြတ်ခြင်းမရှိသေးပါဘူး။
ဒီဇင်ဘာ ၅ ရက်နေ့က စတင်အသက်ဝင်ခဲ့တဲ့ အဲဒီ သတ်မှတ်ချက်ဟာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားကို အဓိကပံ့ပိုးပေးနေတဲ့ အကြောင်းအရာတွေကို ကန့်သတ်ဖို့အတွက် အနောက်အစိုးရတွေရဲ့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
ဂျာရီရှန်ကာဟာ ဈေးနှုန်းကန့်သတ်ချက်ကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိပေမယ့်လည်း အီးယူနိုင်ငံတွေကသာ ရုရှားဆီက လောင်စာဆီကို အိန္ဒိယနိုင်ငံထက် ပိုမိုတင်သွင်းနေတာ ဖြစ်ကြောင်း ရုရှားထံမှာ ရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး ခုခံပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက အိန္ဒိယနိုင်ငံဟာ ရုရှားထံမှ လျှော့ဈေးနဲ့ ရေနံဝယ်ယူမှုကို တဖြည်း ဖြည်း တိုးမြှင့်ခဲ့ပြီး လောင်စာဆီတင်သွင်းမှုဟာလည်း အောက်တိုဘာလမှာ စံချိန်တင် မြင့်တက်ခဲ့တာပါ။
အိန္ဒိယနဲ့ ရုရှားတို့ဟာ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး နယူးဒေလီဟာ မော်စကိုအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို မထောက်ခံဘဲ ရုရှားလုပ်လက်နက်တွေအတွက် အဓိကဈေးကွက်တစ်ခု ဖြစ် လာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ မော်စကိုရဲ့ စစ်ပွဲကိုရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို အခုအချိန်အထိ မဲမပေးဘဲ နေနေခဲ့တာပါ။
အိန္ဒိယနဲ့ ဂျာမနီတို့ဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ယူကရိန်းစစ်ပွဲရဲ့ ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်တွေနဲ့ လောင်စာစွမ်းအင် ကူးပြောင်းမှုအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်မှုနဲ့ ရွေ့လျားသွားလာရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
ဂျာမနီဟာ ဥရောပမှာ အိန္ဒိယရဲ့အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဂျာမန်ကုမ္ပဏီ ၁၇၀၀ ကျော် အလုပ်လုပ်ကိုင်နေပါတယ်။ ဂျာမနီနိုင်ငံရဲ့ အဓိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကတော့ သယ်ယူပို့ ဆောင်ရေး၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး၊ ရောင်းဝယ်ရေးနဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref;Aljazeera