မော်လမြိုင်၊ ဒီဇင်ဘာ (၇)
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်းစစ်ကောင်စီက တရားစွဲထားတဲ့ ရွေး ကောက်ပွဲ မလျော်သြဇာမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ပြီးနောက် အမှုတစ်မှုအတွက် ထောင်ဒဏ် တစ်နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီကစွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအပေါ် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ ထွက်ဆိုထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အမိန့်ချမှတ်လိုက်တဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် သက်ဆိုင်ရာတရားရုံးအဆင့် အယူခံတင်သွင်းသွားမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်